အီးယူနှင့်လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်ရန် ထိုင်းနိုင်ငံမျှော်လင့်

Mon, 01/19/2015 - 12:50 -- admin_ygn

   ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကာလများတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ အီကွေဒေါနိုင်ငံနှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့အား အလယ်အလတ်အထက် ဝင်ငွေရှိသော နိုင်ငံများ အဖြစ် ကမ္ဘာ့ဘဏ်က သတ်မှတ်ခဲ့ခြင်းကြောင့် အီးယူသည် အဆိုပါနိုင်ငံများသို့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး GSP  ပေးအပ်နေခြင်း အား၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ပါသည်။
   ထိုသို့ GSP ပေးအပ်နေခြင်းအား ရပ်ဆိုင်းခဲ့သည့်အတွက်ကြောင့် နှစ်စဉ်ဘတ်ငွေ ၃၀ ဘီလီယံခန့် ဆုံးရှုံး မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံခြားကုန်သွယ်ရေးဌာနက ခန့်မှန်း ထားပါသည်။
   ယင်းသို့ GSP ပေးအပ်နေခြင်းအား ရပ်ဆိုင်းခဲ့သည့်အတွက်ကြောင့် ထိုင်းနိုင်ငံမှ အီးယူသို့တင်ပို့လျက်ရှိသည့် အေးခဲပုစွန်များအပေါ် အကောက်ခွန်သည် ၄ ဒသမ ၂ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းသို့ သုံးဆခန့်တိုးတက်လာမည်ဖြစ်ပါသည်။ အလားတူ ငါးမည်းလုံး (Tuna) အပေါ်အကောက်ခွန်သည် ၁၈ ဒသမ ၅ ရာခိုင်နှုန်း မှ ၂၂ ရာခိုင်နှုန်း အထိမြင့်တက်လာမည်ဖြစ်ပါသည်။ GSP ပေးအပ်နေခြင်းအား ရပ်ဆိုင်းခဲ့သည့်အတွက်ကြောင့် အကောက်ခွန်အထူးအခွင့်အရေးများဆုံးရှုံးမည့် ကုန်စည်များတွင် အသား၊ ငါးနှင့် ရေထွက် ပစ္စည်းများ၊ အဖိုးတန်ကျောက်များ၊ ပုလဲများနှင့် ရော်ဘာစသည်တို့ ပါဝင် ပါသည်။
   ထို့ကြောင့် ယခုအခါတွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာကုန်သွယ်ရေးရုံးသည် အီးယူသွင်းကုန်ကုမ္ပဏီများအား ၎င်း၏ အစိုးရများထံသို့ စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်များ ယာယီလျော့ချပေးရေးသို့မဟုတ် သွင်းကုန်ဝေစုသတ်မှတ်ပေးရေးနှင့်ပတ်သက်၍ အဆိုပြုရန်တောင်းဆိုခြင်းကဲ့သို့သော ကုစားမှုနည်းလမ်းများကို ရှာဖွေလျက်ရှိပါသည်။
  အီးယူဈေးကွက်တွင်အ ကောက်ခွန်အထူးအခွင့်အရေးများ ဆုံးရှုံးခဲ့ရမှုအပေါ် အစားထိုးဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနှင့် အီးယူအကြားလွတ်လပ်သောကုန်သွယ်ရေးသဘော တူစာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်နိုင်ရေးအတွက်လည်း ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နည်းလမ်းများရှာဖွေဆောင်ရွက်လျက်ရှိကြောင်းသိရှိရ ပါသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ဘရပ်ဆဲလ်မြို့

 

International Trade News

Pages