အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းသတ်မှတ်ရေးနှင့်စပ်လျဉ်းပြီး ဗီယက်နမ်ဆန်တင်ပို့သူများအကြား သဘောထားကွဲပြား

Wed, 06/19/2024 - 03:12 -- wtodep

အင်ဒိုနီးရှားအစိုးရ၏ ထောက်ပံ့သယ်ယူပို့ဆောင်ရေးအဖွဲ့ထံသို့ အမေရိကန်ဒေါ်လာ ၅၅ သန်း တန်ဖိုးရှိ ဆန်တန်ချိန် တစ်သိန်းတင်သွင်းရန် လေလံအောင်မြင်ပြီးနောက် ဗီယက်နမ်ဆန်တင်ပို့သူများအကြား ဈေးနှုန်းအပြိုင်လျှော့ချခြင်းများ မဖြစ်ပွားစေရန် အနိမ့်ဆုံးပို့ကုန်ဈေးသတ်မှတ်သင့်ကြောင်း ဆန်လုပ် ငန်းရှင်များ၏ ပြောကြားချက်ကို Vietnam News Agency တွင် ဖော်ပြထားပါသည်။

လေလံဆွဲသူများအကြား Lộc Trời အုပ်စုက ကြမ်းခင်းဈေးတစ်တန်လျှင် ကန်ဒေါ်လာ ၅၇၉ ထက် လျော့၍ ကန်ဒေါ်လာ ၅၆၃ ဖြင့် အနိမ့်ဆုံးဈေးတင်ပြခဲ့ပြီး ဗီယက်နမ်စားသောက်ကုန်အသင်းက သတ် မှတ်သည့် ပြည်တွင်းပေါက်ဈေးထက် ကန်ဒေါ်လာ ၂၄ လျော့နည်းခဲ့ပါသည်။

ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဗီယက်နမ်စားသောက်ကုန်အသင်းအနေဖြင့် ဆန်ပို့ကုန်အပေါ် အနိမ့်ဆုံးဈေးသတ်မှတ်သင့်ကြောင်း၊ သို့မှသာ ဆန်ပို့ကုန်လုပ်ငန်းရှင်များ၏ ဈေးနှုန်းလျှော့ချ တင်ပို့မှု ကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်ဆန်တင်ပို့သူများအကြား မြောက်ပိုင်းစားသောက်ကုန် ကော်ပိုရေးရှင်းနှင့် တောင်ပိုင်းစားသောက်ကုန်ကော်ပိုရေးရှင်းဟူ၍ နှစ်ပိုင်းကွဲနေရာ စည်းလုံးညီညွတ် မှု လိုအပ်ကြောင်း၊ အနိမ့်ဆုံးဈေးသတ်မှတ်ပြီးပါက အဝယ်အမှာစာများကို ခွဲဝေနိုင်ကြောင်း၊ လုပ်ငန်း ရှင်တစ်ဦးချင်းအလိုက် ဈေးနည်းသော စာချုပ်အများအပြား ချုပ်ဆိုနိုင်ခြင်းသည် အသုံးမဝင်ဘဲ  ပို့ကုန် လုပ်ငန်းရှင်များနှင့် လယ်သမားများအတွက် ရေရှည်တွင် အရှုံးဖြစ်ပေါ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အချို့လုပ်ငန်းရှင်များကမူ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဝယ်လက်နှင့် လွတ်လပ်စွာဈေးနှုန်းညှိနှိုင်း သင့်ကြောင်း၊ ဆန်ကို အမြင့်ဈေးဖြင့် ရောင်းချလိုကြသော်လည်း တင်းကြပ်သောစည်းမျဉ်းများ ချမှတ် ခြင်းက အရောင်းအဝယ်မဖြစ်နိုင်ကြောင်း၊ လွတ်လပ်သောဈေးကွက်တွင် ပို့ကုန်လုပ်ငန်းရှင်များက  မျှတပြီး အကျိုးအမြတ်ရှိမှုကို ချိန်ညှိရန်လိုကြောင်း၊ အနိမ့်ဆုံးဈေးသတ်မှတ်ခြင်းကြောင့် ဆိုးဝါးသော အခြေအနေသာ ဖြစ်လာနိုင်ကြောင်း ပြောကြားကြသည်။

မကြာသေးမီက Cần Thơ မြို့၌ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Phan Thị Thắng နှင့် ဆန်လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက အစိုးရအနေဖြင့် အရှေ့တောင်အာရှဆန်လုပ် ငန်းဆိုင်ရာ စည်းမျဉ်းများ တိုးတက်ရေးဆောင်ရွက်နေကြောင်း၊ ဆန်လုပ်ငန်းရှင်များက ကမ္ဘာ့ဆန်ဈေး ကွက် အခြေအနေများကို စောင့်ကြည့်လေ့လာပြီး စာချုပ်မချုပ်ဆိုမီ တင်ပို့သူများ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ မမျှတသော ယှဉ်ပြိုင်မှု၊ ဈေးကွက်အငြင်းပွားမှုနှင့် စာချုပ်ချိုး ဖောက်မှုများ မဖြစ်စေရန် ဝယ်လက်အခြေအနေကို နားလည်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Lộc Trời အုပ်စုမှ အင်ဒိုနီးရှားနှင့်ချုပ်ဆိုခဲ့သော စာချုပ်ကို ပြီးခဲ့သည့်သီတင်းပတ်က ကြေညာခဲ့ရာတွင် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပို့ကုန်၊သွင်းကုန်ဌာနက ဈေးနှုန်းလျော့ချတင်ပို့မှုနှင့် စပ်လျဉ်း၍ အစီရင်ခံစာတင်ပြရန် ဗီယက်နမ် စားသောက်ကုန်အသင်းနှင့် အဖွဲ့ဝင်များအားလမ်းညွန်ခဲ့ သည်။ ပြည်တွင်းဆန်ဈေးကွက်အား အကာအကွယ်ပေးရန်၊ ပို့ကုန်တင်ပို့မှု ထိရောက်စေရန်၊ ကမ္ဘာ့ဈေး ကွက်တွင် ဗီယက်နမ်ဆန်၏ ကျော်ကြားမှုကို ထိန်းသိမ်းရန် ဗီယက်နမ်စားသောက်ကုန်အသင်းအား မှာ ကြားထားပါသည်။

Lộc Trời အုပ်စုမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏လေလံဈေးကို ပို့ကုန်လုပ်ငန်းရှင်များ၊ လယ်သမား များ၊ ဈေးကွက်တို့ နှစ်ဘက်အကျိုးအမြတ်ရရှိရန် နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ် စားသောက်ကုန်အသင်းမှ တာဝန်ရှိသူတစ်ဦးက အင်ဒိုနီးရှားသည် ပြီးခဲ့သည့်နှစ်များကစ၍ တင်ဒါအသေးများခွဲ၍ အဝယ်အမှာစာများကို နိုင်ငံပေါင်းစုံမှ ဈေးနှုန်းချိုသာစွာဖြင့် ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ မူအရ အနိမ့်ဆုံးဈေးပေးသူက တင်ဒါအောင်မြင်သည်ဖြစ်သော်လည်း အင်ဒိုနီးရှားက အနိမ့်ဆုံးဈေးပေးသည့် ကုမ္ပဏီ ၃ ခုကို ရွေးချယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသည် ဗီယက်နမ်ဆန် ဒုတိယအများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဆန် တန်ချိန် ၁.၂ သန်း (ဗီယက်နမ် ဆန်တင်ပို့မှုစုစုပေါင်း၏ ၁၄.၅ %) တင်ပို့ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားသည် မူလရည်မှန်းချက် ဆန်တန်ချိန် ၁.၆ သန်း တင်သွင်းရန် ရည်ရွယ်ထားသော်လည်း နောက်ဆုံးတွင် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းမည်ဟု သိရှိရပါသည်။

ရင်းမြစ်။        Vietnam News Agency

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

 

International Trade News

Pages