အိန္ဒိယတွင် ဝယ်လိုအား တက်လာသဖြင့် ကြက်သွန်နီဈေးတက်

Wed, 06/26/2024 - 02:40 -- wtodep

ပြီးခဲ့သည့် သီတင်း ၂ပတ်အတွင်း အိန္ဒိယ ကြက်သွန်နီဈေးနှုန်းများသည် အသစ်ရောက်ရှိမှု နှေးကွေးခြင်းနှင့် ဗကဒီးအစ် (Bakra Eid) ကာလ ဝယ်လိုအား မြင့်တက်မှုတို့ကြောင့် ၃၀ %  မှ ၅၀ % ထိ မြင့်တက်ခဲ့ပါသည်။ ကုန်သွယ်မှုတွင် ကုန်စည်သိုလှောင်မှုများ ရှိလာသောကြောင့် ဗဟိုအစိုးရမှ စျေးနှုန်း ထိန်းချုပ်ရန် စွက်ဖက်မှုများကို ဖြေလျှော့နိုင်မည်ဟု မျှော်လင့်နေကြပါသည်။

မဟာရက်ရှထာ ပြည်နယ်၊ လာဆယ်ဂျီအွန်မြို့၏ တနင်္လာနေ့ပေါက်ဈေးအရ ကြက်သွန်နီ လက်ကားဈေး ပျမ်းမျှတစ်ကီလိုဂရမ်လျှင် ၂၆ ရူပီးရှိပြီး မေလ ၂၅ ရက်နေ့က ပေါက်ဈေး ၁၇ ရူပီးသာရှိခဲ့သည်။ ဈေးကွက်တွင်အရောင်းနည်းသော အရည်အသွေး အကောင်းဆုံး ကြက်သွန်နီ ဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ရူပီး ၃၀ ဈေးရှိပါသည်။

ဇွန်လအတွင်း ဈေးကွက်၌ ရောင်းချနေသည့် ကြက်သွန်နီများမှာ တောင်သူများနှင့် ကုန်သည်များ သိုလှောင်ထားသည့် လက်ကျန်များမှဖြစ်ပြီး ၂၀၂၃-၂၀၂၄ သီးနှံထွက်နှုန်း ကျဆင်းကာ ဈေးတက်မည်ဟု လယ်သမားများက မျှော်မှန်းထားသောကြောင့် ကုန်စည်ရောင်းချမှု နှေးကွေးနေခြင်းဖြစ်ပါသည်။ ထို့ ပြင် ပို့ကုန်အကောက်ခွန် ၄၀ % ကောက်ခံမှုကြောင့်လည်း တင်ပို့မှုတွင် နှေးကွေးနေပါသည်။

ပန်းမန်ထွက်ကုန်တင်ပို့သူများအသင်း ဥက္ကဋ္ဌ၊ Ajit Shah က လယ်သမားများနှင့် ကုန်သိုလှောင်သူများသည် အစိုးရက ပို့ကုန်အကောက်ခွန်ကို ဖယ်ရှားပေးမည်ဟု မျှော်လင့်သောကြောင့် ကြက်သွန်နီ ဈေးတက်မည်ဟုယူဆကာ ကုန်များကိုလက်ဝယ်ထားခြင်းကြောင့် ကြက်သွန်နီဈေးတက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

https://economictimes.indiatimes.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages