တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ ဆီမုန်ညင်းစေ့တင်သွင်းမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်

Tue, 09/10/2024 - 05:42 -- mocadmin

   တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်များ၊ သံမဏိနှင့် အလူမီနီယံများအပေါ် အကောက်ခွန် နှုန်းများ သတ်မှတ်လိုက်သည့် ကနေဒါနိုင်ငံ၏ ဆုံးဖြတ်ချက်အပေါ် ပါးကိုက်လျှင် နားရွက်ပြန်ကိုက် သည့် တုန့်ပြန်မှုတစ်ခုအဖြစ် ကနေဒါနိုင်ငံမှ canola သွင်းကုန်များနှင့်စပ်လျဉ်း၍ တန်ပြန်စုပုံ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားရန် တရုတ်နိုင်ငံမှ စီစဉ်လျက်ရှိပါသည်။

   တရုတ်နိုင်ငံအနေဖြင့် အကောက်ခွန်နှုန်းများ သတ်မှတ်လိုက်ခြင်းအပေါ် ကျေနပ်မှုမရှိဘဲ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အငြင်းပွားဖြေရှင်းမှု လုပ်ငန်းစဉ်အောက်မှ ဖြေရှင်းဆောင်ရွက်သွားရန်ရည်ရွယ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ချက်တစ်ရပ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

   တရုတ်နိုင်ငံ၊ အကောက်ခွန်ဌာန၏ အချက်အလက်များအား ကိုးကားထားသည့် Bloomberg ၏ သတင်းအရ ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ဆီမုန်ညင်းစေ့တင်သွင်းမှု စုစုပေါင်း ၉၀ ရာခိုင်နှုန်း သည် ကနေဒါနိုင်ငံမှဖြစ်ပြီး စုစုပေါင်းတန်ချိန်မှာ ၅.၀၅ သန်းခန့် ရှိပါသည်။

   တရုတ်နိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်းများ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသို့ ကနေဒါ နိုင်ငံမှ ဆီမုန်ညင်းစေ့တင်ပို့မှုများမှာ သိသိသာသာတိုးတက်လာခဲ့ကြောင်းနှင့် ကနေဒါနိုင်ငံ၏ မမျှ တသောယှဉ်ပြိုင်မှုကြောင့် တရုတ်နိုင်ငံ၊ ပြည်တွင်းဆီမုန်ညင်းနှင့်ဆက်စပ်သည့် စက်ရုံများမှာ ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

   ၂၀၂၃ ခုနှစ်တွင် ကနေဒါ၏ စုပုံတင်ပို့မှုမှာ နှစ်အလိုက် ၁၇၀ ရာခိုင်နှုန်း တိုးလာကာ အမေရိ ကန်ဒေါ်လာ ၃.၄၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံမှ တန်ပြန်စုပုံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားလိုက်ပြီးနောက် Zhengzhou Commodity Exchange တွင် ဆီမုန်ညင်းစေ့ ဈေးနှုန်းများသည် ၅.၅ ရာခိုင်နှုန်းမြင့်တက်ကာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၃၁.၈၀ ဖြင့် သြဂုတ်လ ၆ ရက်နေ့နောက်ပိုင်း စံချိန်တင် အမြင့် ဆုံးသို့ ရောက်ရှိခဲ့ကြောင်း Reuters သတင်းအရ သိရှိရပါသည်။

   တရုတ်နိုင်ငံအနေဖြင့် Canola တင်သွင်းမှုများအပြင် ကနေဒါနိုင်ငံ၏ ဓာတုဗေဒထုတ်ကုန် ပစ္စည်းများကိုလည်း စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်မည်ဖြစ်ပါကြောင်း ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

   ကနေဒါနိုင်ငံအနေဖြင့် ၄င်း၏ ပြည်တွင်းကုမ္ပဏီများအား အကာအကွယ်ပေးနိုင်ရန်အလို့ငှာ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်များအပေါ် ၁၀၀ ရာခိုင်နှုန်း၊ အာရှနိုင်ငံများမှ သံမဏိနှင့် အလူမီနီယံများအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရန် ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။

   ပေကျင်း၏ ပြည်တွင်းထုတ်လုပ်သူများအား မမျှတသော အထောက်အပံ့ပေးမှုများကြောင့် ၄င်းတို့၏ ထုတ်ကုန်များမှာ ပြည်ပစျေးကွက်များတွင် စုပုံမှုများဖြစ်ပေါ်စေပြီး အဆိုပါစျေးကွက်များရှိ ပြည်တွင်းကုမ္ပဏီများမှာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ရသည့်အတွက် အမေရိကန်နိုင်ငံနှင့် ဥပရောပ သမဂ္ဂတို့မှ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်များအပေါ် မကြာသေးမီက အခွန် ၁၀၀ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ခဲ့ကြသည်။

   ကနေဒါနိုင်ငံမှ ချမှတ်သည့် အကောက်ခွန်အသစ်မှာ Hybrid ခရီးသည်တင် မော်တော်ယာဉ် များ၊ ကုန်တင်ကားများ၊ ဘတ်(စ်)ကားများနှင့် ကုန်ပစ္စည်းဖြန့်ဖြူးသည့် ယာဉ်များအတွက် အောက်တိုဘာလ ၁ ရက်နေ့တွင်လည်းကောင်း၊ သံမဏိနှင့် အလူမီနီယံတို့အတွက် အောက်တိုဘာ လ ၁၅ ရက်နေ့တွင် လည်းကောင်း အသီးသီး စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Justin Trudeau က ပြီးခဲ့သည့်အပတ်တွင် ကြေညာခဲ့ပါသည်။

   ကနေဒါနိုင်ငံအနေဖြင့် ချက်ပြုတ်ခြင်းလုပ်ငန်း (သို့) စက်မှုလုပ်ငန်းများအတွက် အသုံးပြု သည့် Canola ကို ကမ္ဘာ့ထိပ်တန်းတင်ပို့နေသည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း ကမ္ဘာပေါ် တွင် ဆီထွက်သီးနှံ အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း Reuters ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။

Source: Forbes Middle East (3 September 2024)

International Trade News

Pages