ဗြိတိန်အစိုးရက အီးယူသို့ ပြန်လည်ဝင်ရောက်ခြင်းထက် အခြားကမ္ဘာ့ကုန်သွယ်မှု သဘောတူညီချက်များအား ရှာဖွေ

Fri, 08/30/2024 - 07:09 -- wtodep

ဗြိတိန်စီးပွားရေးဝန်ကြီးက အာရှ-ပစိဖိတ်နယ်စပ်ဖြတ်ကျော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP) သို့ ဝင်ရောက်နိုင်ခြင်းသည် ဗြိတိန်ပို့ကုန်လုပ်ငန်းရှင်များအတွက် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်သည် အီးယူနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို အခြားကမ္ဘာ့ကုန်သွယ်ရေးသဘောတူညီချက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အကယ်၍ ဗြိတိန်သည် အီးယူသို့ ပြန်လည်ဝင်ရောက်မည်ဆိုပါက တစ်ခုတည်းသော ဥရောပဈေးကွက်နှင့် အကောက်ခွန်သမဂ္ဂအဖွဲ့စည်းမျဉ်းများအရ သီးခြားလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ဖြစ်သည့် CPTPP  မှ ထွက်ခွာရမည်ဖြစ်သည်။

(အာရှ-ပစိဖိတ် နယ်စပ်ဖြတ်ကျော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်တွင် ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်တို့ ပါဝင်ပါသည်။)

ဗြိတိန်သည် CPTPP တွင် ပါဝင်ရန် ၂၀၂၃ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းလုပ်ငန်းစဉ်များမှာ ပြီးလုနီးပါးဖြစ်ပါသည်။ ဗြိတိန်အပါအဝင် အဆိုပါအဖွဲ့၏ စုစုပေါင်း ဂျီဒီပီ ပမာဏမှာ စတာလင်ပေါင် ၁၂ ထရီလီယံခန့်ရှိပါသည်။ ဗြိတိန်စီးပွားရေးဝန်ကြီးက CPTPP အပေါ် စိတ်အားထက်သန်မှုများရှိသော်လည်း စီးပွားရေးပညာရှင်များကမူ ဗြိတိန်ကုန်သွယ်မှု သို့မဟုတ် ဂျီဒီပီအပေါ် ကာလတို သို့မဟုတ် ကာလလတ်တို့၌ သက်ရောက်မှုများရှိနိုင်သော်လည်း အီးယူမှ နှုတ်ထွက်ခဲ့ခြင်းကိုမူ အစားထိုး၍ မရကြောင်း သုံးသပ်ထားကြပါသည်။

ပြီးခဲ့သည့်နှစ်က CPTPP သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်၏ တင်ပြချက်အပေါ် ဘတ်ဂျက်ဌာနမှခန့်မှန်းတွက်ချက်မှုများအရ အဖွဲ့ဝင်ဖြစ်ပြီး ၁၅ နှစ်ခန့်တွင် ဂျီဒီပီသည် ၀.၀၄ % တက်လာနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။ အီးယူမှ ထွက်ပြီးနောက် ဗြိတိန်နှင့် ဩစတြေးလျ၊ နယူးဇီလန်တို့နှင့် နှစ်နိုင်ငံကုန်သွယ်မှုသဘောတူညီချက်များကလည်း နိုင်ငံ၏ ဂျီဒီပီကို ၂၀၃၅ ခုနှစ် တွင် ၀.၀၁ % တိုးတက်စေနိုင်ကြောင်း ခန့်မှန်းမှုများရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ အီးယူသည် ဗြိတိန်အတွက် အနီးကပ်ဆုံးနှင့် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း စီးပွားရေးဝန်ကြီးက ဆိုသည်။

အစိုးရသည် ဗြိတိန်စီးပွားရေးလုပ်ငန်းများ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အခြားနိုင်ငံများ၌ လွတ်လပ်စွာဆောင်ရွက်နိုင်ရေး မလိုအပ်သော နယ်စပ်စစ်ဆေးမှုများ ဖယ်ရှားခြင်း၊  ပညာရှင်များအတွက် အပြန်အလှန်အသိအမှတ်ပြုခြင်းများ ဆောင်ရွက်နေကြောင်း၊ တချိန်တည်းမှာပင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၊ အိန္ဒိယတို့နှင့်လည်းပူးပေါင်းဆောင်ရွက်နေကြောင်း၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာမှ အပြန်အလှန်ကုန်သွယ်မှုသည် ၁၆ %  တိုးတက်ပြီး စတာလင်ပေါင် ၁.၆ ဘီလီယံခန့်တက်လာနိုင်ကြောင်း စီးပွားရေးဝန်ကြီးက ရေးသားထားပါသည်။

ရင်းမြစ်။        https://www.theguardian.com/

International Trade News

Pages