ဆော်ဒီအာရေဗျသို့ စားနပ်ရိက္ခာတင်ပို့မှု တိုးမြှင့်ရန် ပါကစ္စတန်ရောင်းချသူများ ယုံကြည်

Thu, 06/13/2024 - 03:55 -- wtodep

ဆော်ဒီအာရေဗျမြို့တော် ရီယာ့ဒ် Riyadh တွင် မေလ(၂၁) ရက်မှ (၂၃)ရက်နေ့အထိ ကျင်းပခဲ့သည့် "ဆော်ဒီအစားအစာပြပွဲ ၂၀၂၄" ၌ ပါကစ္စတန်အစားအစာ တင်ပို့ရောင်းချသည့် ထိပ်တန်းကုမ္ပဏီ (၄၅) ခု ပါဝင်ပြသခဲ့ပြီး ပါကစ္စတန်၏ စျေးကွက်ဝေစုကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်ကြောင်း ပါကစ္စတန် ဆန် တင်ပို့သူများအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု Arab သတင်းက ဖော်ပြထားပါသည်။

နှစ်စဉ် ကျင်းပသည့် ဆော်ဒီအစားအစာပြပွဲသည် အစားအသောက်နှင့် အဖျော်ယမကာများ ပြသသည့် အကြီးဆုံး ပြပွဲဖြစ်ပြီး နိုင်ငံပေါင်း (၉၇) နိုင်ငံမှ ပြခန်းပေါင်း (၁၀၀၀) ကျော် ပါဝင်ပြသခဲ့ပါသည်။ ပါကစ္စတန် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်၏ အဆိုအရ ဆော်ဒီအာရေဗျမှ နှစ်စဉ် ဆန် ဝယ်လိုအား တန်ချိန် (၁.၂)သန်းရှိပြီး ပါကစ္စတန်၏ဝေစုမှာ ၇% ရှိကြောင်း၊ ပြပွဲပြီးလျှင် ရှယ်ယာများ တိုးလာရန် မျှော်လင့်ကြောင်း၊ ပါကစ္စတန်၏ ဆန်လုပ်ငန်း(၁၅) ခု၊ ပြုပြင်ပြီးစားသောက်ကုန်လုပ်ငန်း (၁၂) ခု၊ အသားလုပ်ငန်း (၂) ခုနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း (၂)ခု တို့ ပြသခဲ့ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူဖြစ်သည့် အိန္ဒိယမှ ပြည်တွင်းစားနပ်ရိက္ခာ ဈေးနှုန်းကြီး မြင့်မှုကို ထိန်းချုပ်ရန်နှင့် ပြည်တွင်းရောင်းလိုအားကို ဆက်လက်ထိန်းသိမ်းရန် ဘတ်စမာတီဆန်မ ဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်မှုနောက်ပိုင်း ပါကစ္စတန် ဆန်တင်ပို့သူများက ၎င်းတို့၏ ဆန် တိုးမြှင့်တင်ပို့ရန်မျှော်လင့်ခဲ့ကြပါသည်။ ယခုဘဏ္ဍာရေးနှစ်တွင် ပါကစ္စတန်၏ဆန်တင်ပို့မှုသည် ၈၀% ကျော် တိုးတက်ခဲ့ပြီး တန်ဖိုး ကန်ဒေါ်လာ ၃.၂၈ဘီလီယံ ရရှိခဲ့ကာ နှစ်ကုန်ပိုင်းတွင် တန်ဖိုး ကန်ဒေါ် လာ ၃.၅ ဘီလီယံ ကျော်ရရှိမည်ဟု ခန့်မှန်းကြောင်း ပါကစ္စတန်ဆန်တင်ပို့သူများအသင်းက ဆိုသည်။

ပါကစ္စတန် စားသောက်ကုန်တင်ပို့ရောင်းချသည့် ကုမ္ပဏီ (၁၀)ခုခန့်သည် ပြီးခဲ့သည့် သီတင်းပတ်က ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့၌ (၃)ရက်ကြာ ကျင်းပခဲ့သည့် စားနပ်ရိက္ခာနှင့်အဖျော်ယမကာ ကုန်စည် ပြပွဲတွင်လည်း အဖျော်ယမကာများ၊ နို့ထွက်ပစ္စည်းများ၊ ဆန်၊ ပန်းရောင်ဆား၊ အချိုပွဲများ၊ ပင်လယ်စာ ထုတ်ကုန်များ၊ လတ်ဆတ်သော သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးခြောက်များ၊ အေးခဲ အသင့်စားထုတ်ကုန်များအပါအဝင် ထုတ်ကုန်မျိုးစုံကို ပါဝင်ပြသခဲ့ပါသည်။

ပါကစ္စတန်မှ ဆော်ဒီအာရေဗျသို့ ယခုနှစ်တင်ပို့မှုတွင် ဆန်နှင့်အသားတင်ပို့မှု ပိုမိုများပြားမည်ဖြစ်ပြီး ကန် ဒေါ်လာ ၄၅၀ သန်း ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ပါကစ္စတန်ကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေး အာဏာပိုင်က ဆော်ဒီအာရေဗျနှင့် ကုန်သွယ်ရာတွင် အဓိကဖြစ်သည့် ဟင်းခတ်အမွှေး အကြိုင် ထုတ်လုပ်သည့် Rhodes မြက်နှင့် alfalfa အပင်များကို စုပေါင်း လယ်ယာစိုက်ပျိုးရေးနှင့် မျိုးစေ့ အရည်အသွေးမြှင့်တင်မှုများ တိုးမြှင့်ဆောင်ရွက်ထားသင့်ကြောင်း ပြောကြားထားပါသည်။

Source: https://ricenewstoday.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages