တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည့် ခြေလှမ်းများ

Mon, 07/01/2024 - 04:21 -- wtodep

တရားမ၀င်ကုန်သွယ်မှုသည် လူမှုအသိုက်အဝန်းကို ထိခိုက်စေပြီး စီးပွားရေးနှင့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခြင်း၊ တရားဝင်စီးပွားရေးလုပ်ငန်းများကို အားနည်းစေပြီး အကျင့်ပျက်ခြစားမှုကို အားပေးခြင်း၊ အခွန်ငွေရှောင်တိမ်းမှုကြောင့် အစိုးရမှလူ့အဖွဲ့အစည်းအတွက် ပြန်လည်အသုံးချရန် အင်အားမရှိခြင်းတို့ဖြစ်စေပါသည်။ ထို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အတွင်းရေးမှူးအဖွဲ့သည် တရားမဝင်ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုအချို့ကို ဥပဒေကြောင်းအရ မည်သို့ဖြေရှင်းနိုင်မည်ကို လေ့လာခဲ့ကြပါသည်။

မကြာသေးမီကထုတ်ဝေခဲ့သည့် “ ဆေးဘက်ဆိုင်ရာကုန်စည်များ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ” စာအုပ်တွင် ညွှန်ကြားရေးမှူးချုပ်က တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရာ၌ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်နှင့် အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် အားကောင်းစေရန် လိုအပ်သော နည်းပညာအကူအညီများ ပံ့ပိုးပေးရန် ပိုမိုဆောင်ရွက်သင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထို့ကြောင့် အတွင်းရေးမှူးအဖွဲ့က  “ စားသောက်ကုန်တရားမဝင်ကုန်သွယ်မှုနှင့် လိမ်လည်မှု ” စာအုပ်တွင် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အပြည်ပြည်ဆိုင်ရာ မျိုးစေ့အဖွဲ့ချုပ် (ISF)၊ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရန် နိုင်ငံဖြတ်ကျော် မဟာမိတ်အဖွဲ့ (TRACIT) နှင့် ကုလသမဂ္ဂ ဒေသတွင်းပြစ်မှုနှင့် တရားမျှတမှုသုတေသနသိပ္ပံ (United Nations Interregional Crime and Justice Research Institute - UNICRI) တို့နှင့်ပူးပေါင်း၍ စားသောက်ကုန် တရားမဝင်ကုန်သွယ်မှုနှင့်လိမ်လည်မှုဖြေရှင်းနိုင်ရေး ရှုထောင့်ပေါင်းစုံမှဆန်းစစ်ရန်နှင့် မဟာဗျူဟာများချမှတ်ရန် ဖော်ပြခဲ့ပါသည်။

လယ်ယာစားနပ်ရိက္ခာကဏ္ဍတွင် တရားမ၀င်ကုန်သွယ်မှုနှင့်လိမ်လည်မှုများသည် စားသုံးသူများ၊ လယ်သမားများ၊ စိုက်ပျိုးရေးလုပ်ငန်းများကို ထိန်းကြောင်းသူများနှင့် အခြားစီးပွားရေးလုပ်ငန်းများအထိ ထိခိုက်စေပါသည်။ တကမ္ဘာလုံးအတိုင်းအ တာနှင့် စားသောက်ကုန်လုပ်ငန်းတွင် လိမ်လည်မှု  ကုန်ကျစရိတ်ကိုသတ်မှတ်ရန် ခက်ခဲသော်လည်း နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၅၀ ဘီလီယံအထိ ဆုံးရှုံးကြောင်းနှင့် အဆိုပါပမာဏတွင် အရက်ယမကာနှင့်ဆက်စပ်သော တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ဆုံးရှုံးမှုများ မပါဝင်ကြောင်း သိရှိရပါသည်။

တရားမ၀င်ကုန်သွယ်မှုကြောင့် လူမှုအဖွဲ့အစည်းနှင့်စီးပွားရေးကို ထိခိုက်စေပြီး စားသောက်ကုန် တရားမ၀င် ကုန်သွယ်မှုနှင့် လိမ်လည်မှုတို့ကြောင့် တရားဝင်စီးပွားရေးလုပ်ငန်းများ၏ ရောင်းအားနှင့် စားသုံးသူ ယုံကြည်မှု ဆုံးရှုံးကာ အစိုးရများအတွက်လည်း အခွန်ရှောင်မှုကြောင့် နိုင်ငံ့ဝင်ငွေ ဆုံးရှုံး ခြင်း၊ အတုအပများနှင့်မှောင်ခိုတို့ကို တိုက်ဖျက်ရသဖြင့် စရိတ်များကုန်ကျခြင်းတို့ ဖြစ်ပေါ်စေပါသည်။

အစားအသောက်နှင့် အဖျော်ယမကာ အတုများကြောင့် ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းရေးကို ထိခိုက်စေခြင်း၊ မသန့်ရှင်းသော စားသောက်ကုန်များကြောင့် သေစေနိုင်သော ကျန်းမာရေးအန္တရာယ်များ ဖြစ်ပေါ်စေနိုင်ခြင်း၊ ထုတ်ကုန်အတုများကြောင့် အစားအစာထောက်ပံ့မှုကွင်းဆက်တွင် စားသုံးသူများ၏ယုံကြည်မှုကို ပျက်ပြားစေခြင်းတို့ ဖြစ်ပေါ်စေပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အခြေခံစည်းမျဉ်းများတွင် အဖွဲ့ဝင်များအတွက် အစားအသောက် တရားမဝင်ကုန်သွယ်မှုနှင့် အစားအသောက်လိမ်လည်မှုတို့ကို တိုက်ဖျက်ရာ၌ ကူညီနိုင်သည့် ဥပဒေများ ပါရှိပါသည်။ အထူးသဖြင့် အစားအစာဘေးကင်းရေးအတွက် လူ၊တိရိစ္ဆာန်နှင့် အပင်ကျန်းမာရေးဆိုင်ရာ သဘောတူညီချက် (SPS) က စားသောက်ကုန်တင်သွင်းရာတွင် သိပ္ပံနည်းကျနှင့် အန္တရာယ်အကဲဖြတ် နည်းလမ်းများကို အခြေခံရန်နှင့် ကုန်သွယ်မှုအတွက် နည်းပညာဆိုင်ရာ အတားအဆီးများ သဘော တူညီချက် (TBT)က ရောင်းဝယ်ဖောက်ကားသော ကုန်ပစ္စည်းများတွင် လိမ်လည်လှည့်ဖြားသော အလေ့အကျင့်များရှိပါက ကိုင်တွယ်ဖြေရှင်းရန် ခွင့်ပြုထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ထုတ်ဝေခဲ့သော “ ဆေးဘက်ဆိုင်ရာကုန်စည်များ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ” စာအုပ်မိတ်ဆက်ပွဲတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သံတမန်များနှင့် အခြားသူများက နောက်ထပ်ဆောင်ရွက်သင့်သည့် ခြေလှမ်းများကို အကြံပြုခဲ့ကြရာ (၁) ကျန်းမာရေး အဝန်းအဝိုင်းတစ်ခုလုံး လိုက်ပါနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ (၂)ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်းစဉ်တွင် အစိုးရများ၏ တရားမ၀င်ကုန်သွယ်မှု တိုက်ဖျက်ရေးနည်းလမ်းများကို ထည့်သွင်းသုံးသပ်ခြင်း၊ (၃) ကုန်သွယ်မှုဆိုင်ရာ အကူအညီများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများမှတဆင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆွေးနွေးခြင်း၊ (၄) နယ် စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် အကောက်ခွန်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်း များရှာဖွေခြင်း၊ (၅) e-commerce မှတဆင့် အစားအသောက် တရားမဝင်ကုန်သွယ်မှုနှင့် အစားအ သောက် လိမ်လည်မှုတို့ ကြီးထွားလာခြင်း၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊ (၆) TBT /SPS ကော်မတီများတွင် ဆက်လက်ဆွေးနွေးခြင်းတို့ ပါဝင်သည်။ အဆိုပါ စေ့စပ်ညှိနှိုင်းမှုများတွင် အစားအသောက် လိမ်လည်မှုအတွက် Codex စံနှုန်းအသစ်ထွက်ပေါ်ရေးမှာ  အရေးကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်အားလုံးက သဘောတူလက်ခံရန် လိုအပ်ပါသည်။

ရင်းမြစ်။        ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages