၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၁ ရာခိုင်နှုန်း တိုးမြင့်လာနိုင်မှုအလားအလာမှာ မသေချာကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) က ပြောကြား

Tue, 04/18/2023 - 03:15 -- wtodep

၂၀၂၃ ခုနှစ် ပထမသုံးလပတ်(ဇန်နဝါရီလ−ဧပြီလ)တွင် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၁ ရာခိုင်နှုန်းခန့်နှင့် ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ၃ ရာခိုင်နှုန်းခန့် တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုနောက်ဆုံးအခြေအနေ (Global Trade Update) အရ ကမ္ဘာ့ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံကျော် ရောက်ရှိခဲ့သော်လည်း နောက်ဆုံးသုံးလပတ် (စက်တင်ဘာလ−ဒီဇင်ဘာလ) တွင် တိုးတက်မှုနှုန်းသည် အနှုတ်လက္ခဏာဖြစ်ခဲ့ကြောင်း၊ အထူးသဖြင့် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလ ပတ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အရှေ့အာရှနှင့် လက်တင်အမေရိကတို့၏ ကုန်သွယ်ရေးကျဆင်းမှုတို့ကြောင့်ဖြစ်ကြောင်း ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာညီလာခံ (UNCTAD) က ပြောကြားခဲ့ပါသည်။

ဆက်လက်၍ "UNCTAD ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွက် ကုန်သွယ်မှုရပ်တန့် ခြင်းသည် ဆက်ရှိနေမည်ဖြစ်သော်လည်း ဒုတိယနှစ်ဝက်အတွက် အလားအလာမှာ ပိုမိုကောင်းမွန်ကြောင်း”၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုး ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းလာခဲ့မှုနှင့် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့တွင် စီးပွားရေးကျဆင်းမှုကို ရှောင်လွှဲနိုင်မည့် အလားအလာတို့ကို  မီးမောင်းထိုးပြထားလျက် ယခုနှစ် နှစ်ဝက်တွင် ပိုကောင်းလာနိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

ကုန်သွယ်မှုတန်ဖိုးကို အများအားဖြင့် ဒေါ်လာဖြင့်သတ်မှတ်သည့်အတွက် ဒေါ်လာတန်ဖိုး မခိုင်မာခြင်းက ကုန်သွယ်မှုဝယ်လိုအား တိုးလာနိုင်ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက် (supply chain) ပြတ်တောက်မှုနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ သက်သာလာနိုင်ကြောင်းကို ထပ်လောင်းပြောကြားခဲ့ပါသည်။

UNCTAD ၏ အစီရင်ခံစာအရ ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် ငွေကြေးဖောင်းပွမှုများ၊ ဈေးနှုန်းမြင့်မားမှုများ၊  အထူးသဖြင့် စွမ်းအင်၊ အစားအသောက်နှင့် သတ္တုဈေးနှုန်းမြင့်မားမှုများ၊ “အန္တရာယ်များသောပေါင်းစပ်မှု” ဖြစ်သည့်  အတိုးနှုန်းမြင့်မားခြင်းနှင့် ပြည်သူ့ ကြွေးမြီများစသည့် စိုးရိမ်ပူပန်စရာကိစ္စရပ်များကြားတွင် ကုန်သွယ်မှုအလားအလာမှာ မသေချာသေးကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် အဆိုပါအစီရင်ခံစာက အတိုးနှုန်းမြင့်မားခြင်းနှင့် လက်ရှိစံချိန်တင် ကမ္ဘာ့ကြွေးမြီများသည် နိုင်ငံများစွာ၏ မက်ခရိုစီးပွားရေး အခြေအနေပေါ် ဆက်လက်ထိခိုက်စေနိုင်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားပါသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိစာရင်းများအရ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများနှင့် ဝင်ငွေနည်းသော နိုင်ငံထက်ဝက်ကျော်သည် ကြွေးမြီအခက်အခဲများရှိရန် လွယ်ကူခြင်း သို့မဟုတ် ကြွေးမြီအခက်အခဲထဲတွင် ကျရောက်နေခြင်းများ ရှိနေကြကြောင်း၊ ၂၀၂၂ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် ကမ္ဘာ့ကုန်သွယ်မှုကျဆင်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုမိုခက်ခဲစေခဲ့ပြီး၊ ၎င်းတို့၏ ပို့ကုန်၊ သွင်းကုန် နှစ်ခုစလုံး၏ ကုန်သွယ်မှုသည် ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ထိုသို့ ကမ္ဘာ့ကုန်သွယ်မှု ကျဆင်းရခြင်းတွင် အရှေ့အာရှနိုင်ငံများ၏ ပို့ကုန် ၇ ရာခိုင်နှုန်း ကျဆင်းခြင်းကြောင့်ဖြစ်ကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်မှုကျဆင်းနေချိန်တွင် ကောင်းသောအလားအလာအဖြစ် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော ကုန်စည်ကုန်သွယ်မှု များတိုးမြှင့်လာသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါကုန်စည်များ ကုန်သွယ်မှုသည် ကုန်သွယ်မှုကျဆင်းမှုအလားအလာကို ကြံ့ကြံ့ခံကာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် ၄ ရာခိုင်နှုန်းခန့် တိုးမြင့်လာနိုင်ကြောင်း၊ ၎င်းတို့ကုန်သွယ်မှုပမာဏတန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉ ထရီလီယံ စံချိန်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော် တိုးလာကြောင်း UNCTAD က ပြောကြားခဲ့ပါသည်။

Source :  https://economictimes.indiatimes.com/news/international/business/global-goods-trade-may-rise-1-in-2023-q1-outlook-uncertainunctad/articleshow/98948672.cms?utm_source=contentofinterest&utm_medium=text&utm_campaign=cppst

 

International Trade News

Pages