အိန္ဒိယနိုင်ငံအစိုးရမှ ၂၀၂၃ ခုနှစ်အတွက် ပဲမျိုးစုံနှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးမှုပြုလုပ်ခဲ့

Thu, 02/09/2023 - 07:04 -- Dotbilateral

      အိန္ဒိယဗဟိုအစိုးရမှ ပဲမျိုးစုံပိုမိုစိုက်ပျိုးထွက်ရှိစေရန် တောင်သူလယ်သမားများအတွက် လိုအပ်သော အကူအညီများပံပိုးပေးမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာဦးစီးဌာနမှ အတွင်းရေးမှူးဖြစ်သူ Rohit Kumar Singhမှ ပဲမျိုးစုံအသင်းအဖွဲ့များနှင့်တွေ့ဆုံစဉ် ပြည်သူများအနေဖြင့်လည်း ပဲမျိုးစုံကို ဈေးနှုန်းသင့်တင့်စွာဖြင့်ဝယ်ယူနိုင်ရေး ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို လွယ်ကူလျင်မြန်အောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း ပဲမျိုးစုံပိုမိုစိုက်ပျိုးထွက်ရှိစေရန်နှင့် ပဲမျိုးစုံအား ၂၀၂၃ ခုနှစ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး ပဲမျိုးစုံတင်သွင်းသူလုပ်ငန်းရှင်များအား လိုအပ်သည့်အကူအညီများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း ပဲမျိုးစုံအသင်းအဖွဲ့နှင့် ပြုလုပ်သည့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

      အဆိုပါအစည်းအဝေးသို့ All India Dal ဆန်စက်အသင်း၊ အိန္ဒိယပဲမျိုးစုံနှင့်အစေ့အဆန်များအသင်းနှင့် ပြည်ပစိုက်ပျိုးရေးကုန်သည်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပါသည်။

     လာမည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ပဲမျိုးစုံရရှိနိုင်မှုသည် မြန်မာနိုင်ငံက မျှော်မှန်းထားသည့် ထုတ်လုပ်မှုတိုးလာသည်နှင့်အမျှ ပိုမိုကောင်းမွန်လာမည်ဟု ခန့်မှန်းထားပါသည်။ အာဖရိကနိုင်ငံများတွင် ပဲမျိုးစုံစိုက်ပျိုးသည့် ဧရိယာများသည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှစ၍ တိုးလာမည်ဖြစ်သည်။ ယင်းအခြေ အနေဖြင့် ပဲမျိုးစုံတင်သွင်းမှုရေစီးကြောင်းကို တသမတ်တည်းထိန်းထားနိုင်မည်ဖြစ်ပြီး ပဲမျိုးစုံ ရရှိနိုင်‌ရေး စိန်ခေါ်ချက်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

      ပြည်တွင်းပဲစားသုံးမှုလိုအပ်ချက်အတွက် အကြံပြုလိုသည်မှာ နိုင်ငံအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ခြင်း၊ တင်သွင်းမှုများအတွက် အကောက်ခွန်ရှင်းလင်းရေးကိစ္စရပ်များ လွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း၊ ပဲတင်သွင်းသည့် နိုင်ငံအနည်းငယ် အပေါ်မှီခိုနေရခြင်းအား လျော့ကျစေရန်အတွက် ဈေးကွက်အသစ်များရှာဖွေဖော်ထုတ်၍ တင်သွင်းစေခြင်းနှင့် တည်ငြိမ်သော မူဝါဒစနစ်များရှိရန်ဆောင်ရွက်ရမည်ဖြစ်သည်။

       အိန္ဒိယနိုင်ငံအစိုးရအနေဖြင့်လည်း နိုင်ငံအတွင်းရှိ ပဲမျိုးစုံအသင်းအဖွဲ့များ၊ ပဲမျိုးစုံတင်ပို့ရောင်းချသည့် နိုင်ငံကြီးများနှင့် ပုံမှန်အပြန်အလှန် ဆက်ဆံဆောင်ရွက်လျက်ရှိပြီး လိုအပ်သော မူဝါဒအစီအမံများကို ဆောင်ရွက်လျက်ရှိပါသည်။

Source; https://www.businesstoday.in/latest/economy/story/indian-govt-reviews-the-scenario-for-pulses-for-2023-356541-2022-12-15

International Trade News

Pages