ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (Organization of the Petroleum Exporting Countries-OPEC) မှ အန်ဂိုလာ နုတ်ထွက်ခဲ့ခြင်းက တရုတ်အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများ ပိုမိုရရှိစေခဲ့

Mon, 01/15/2024 - 03:17 -- wtodep

အန်ဂိုလာနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ OPEC အဖွဲ့မှ နုတ်ထွက်လိုက်ပြီဖြစ်ရာ ၎င်း၏ လောင်စာဆီနှင့် အခြားကဏ္ဍများတွင် ချစ်ကြည်ရင်းနှီးမှုကြာရှည်ခဲ့သည့် တရုတ်နိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အရေးရရှိသွားပြီ ဖြစ်ပါသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် တရုတ်ပြည်သို့ ရောက်ရှိနေသည့် အန်ဂိုလာနိုင်ငံခြားရေး ဝန်ကြီး Tete Antoino က “ တရုတ်သည် အန်ဂိုလာအတွက် ယုံကြည်ရပြီး မရှိမဖြစ် မိတ်ဘက်နိုင်ငံဖြစ်ကြောင်း၊ အန်ဂိုလာအနေဖြင့် ပို့ကုန်အမယ်များစွာ ထုတ်လုပ်ရန်လိုအပ်သော်လည်း နိုင်ငံပို့ကုန်၏ ၉၀ % မှာ လောင်စာဆီဖြစ်ပြီး တိုင်းပြည် ဝင်ငွေကလည်း အရေးကြီးကြောင်း၊ နိုင်ငံ့စီးပွားရေးကို လောင်စာဆီအပေါ် မှီခိုနေခြင်းမှခွဲထွက်ရန်မှာ နည်းပညာ၊ ကျွမ်းကျင်လုပ်သားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးများ လိုအပ်ပါကြောင်း၊ တရုတ်အနေဖြင့် အန်ဂိုလာ၏ ကော်ဖီ၊ ဘက်ထရီ၊ ဆိုလာစွမ်းအင်လုပ်ငန်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သည်။

နယ်သာလန်အခြေစိုက် Portfolio Manager Yvette Babb လုပ်ငန်း၏ ပညာရှင် William Blair က တရုတ်သည် အန်ဂိုလာတွင် လောင်စာဆီထုတ်လုပ်မှုတိုးမြှင့်ရန် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆောင်ရွက်မည်ဆိုပါက အန်ဂိုလာအတွက်လည်း တွန်းအားဖြစ်စေ ကြောင်းပြော ကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ အန်ဂိုလာတွင် တရုတ်ကြွေးမြီ အမေရိကန် ဒေါ်လာ ၂၁ ဘီလီယံရှိပြီး အန်ဂိုလာစီးပွားရေးကို ပြုပြင်ပြောင်းလဲရန် တရုတ်ကလည်း စိတ်ဝင်စားကြောင်း ဖော်ပြထားပါသည်။

အန်ဂိုလာသည် ၂၀၀၆ ခုနှစ်တွင် တရုတ်၏ အဓိကလောင်စာဆီတင်သွင်းသူများစာရင်းတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ကရုရှားမှ လောင်စာဆီဝယ်ယူခဲ့သောကြောင့် အန်ဂိုလာ၏ လောင်စာဆီထုတ်လုပ်မှုကျဆင်းခဲ့ပါသည်။ ၂၀၂၀ မှ ၂၀၂၂ ကာလအတွင်း အန်ဂိုလာမှ တရုတ်သို့ လောင်စာဆီတင်ပို့မှုသည် ၃၀ % ကျဆင်းခဲ့ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းသူများကမူ OPEC အဖွဲ့မှ အန်ဂိုလာနုတ်ထွက်ခဲ့မှုကို ဝမ်းမြောက်ခဲ့ကြပါသည်။

ပြီးခဲ့သည့် ၁၀စုနှစ်အတွင်း တရုတ်ကုမ္ပဏီများသည် အန်ဂိုလာစွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၁၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ယခုနှစ်တွင် နိုင်ငံပိုင်မြို့ပြအင်ဂျင်နီယာကုမ္ပဏီဖြစ်သည့် Power China က အန်ဂိုလာ ဆက်သွယ်ရေးလုပ်ငန်းများ၏ အခြေခံအဆောက်အဦများ၊ သယ်ယူပို့ ဆောင်ရေးနှင့်ကျန်းမာရေးကဏ္ဍများတွင် ဒေါ်လာ ၂၅၀ သန်းကို ခွဲဝေရင်းနှီးမြှုပ်နှံခဲ့ကြပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က တရုတ်အနေဖြင့် တန်းတူညီမျှရှိမှုနှင့် အပြန်အလှန် အကျိုးအမြတ်တို့ကို အခြေခံပြီး လက်တွေ့ကျသောကဏ္ဍများ၌  အန်ဂိုလာနှင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ အာဖရိကတိုက်အတွင်း တရုတ်၏ စီးပွားရေးအရ လွှမ်းမိုးမှုပိုမိုရရှိစေရန် အန်ဂိုလာအပါအဝင် အာဖရိကနိုင်ငံ (၆) နိုင်ငံကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှစ၍ အကောက်ခွန်ကင်းလွတ်ခွင့် အခွင့်အရေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: https://www.hellenicshippingnews.com

International Trade News

Pages