ရုရှား စီးပွားရေးအကျပ်အတည်းကြောင့် ထိုင်းနိုင်ငံအား ထိခိုက်မှုအနည်းငယ်သာရှိနိုင်

Wed, 01/14/2015 - 14:37 -- admin_ygn

   ထိုင်း-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အလွန်နည်းပါးသောကြောင့် ရုရှားနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ်အကျိုးသက်ရောက် မှု အနည်းငယ်သာရှိနိုင်ပါသည်။ သို့ရာတွင် ရုရှား၏အနည်းငယ်သော အကျပ်အတည်းသည် ဖွံ့ဖြိုးတိုးတက်နေသော ဈေးကွက်များ (Emerging markets) သို့ ရင်းနှီးငွေ စီးဆင်းမှုအပေါ် အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်ကြောင်းသိရှိရပါသည်။
   အားနည်းနေသော ရုရှားစီးပွားရေး၏ တိုက်ရိုက်မဟုတ်သော အကျိုးသက်ရောက်မှုတစ်ခုမှာ ထိုင်းနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ဝင်ရောက်မှု ကျဆင်းစေနိုင်ခြင်း ဖြစ်ပါ သည်။ ရုရှားနိုင်ငံသို့ ထိုင်းနိုင်ငံ၏တင်ပို့မှုသည် စုစုပေါင်းတင်ပို့မှု၏ သုည ဒသမ ၅ ရာခိုင်နှုန်းသာရှိသော်လည်း ထိုင်းနိုင်ငံသို့ ရုရှားခရီးသွားဧည့်သည် ဝင်ရောက်မှုသည် စုစုပေါင်းခရီးသွား ဧည့်သည်ဝင်ရောက်မှု၏ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိပါသည်။
   ထိုင်းနိုင်ငံဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် မြေအိမ်ရာအဆောက်အအုံကဏ္ဍကဲ့သို့သောဆက်နွယ်လျက်ရှိသည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အပေါ်တွင် ရုရှားအကျပ်အတည်း၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမည်ဖြစ်ပါသည်။ ရုရှားနိုင်ငံသည် အနောက်နိုင်ငံများ၏  စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများနှင့် ရေနံဈေးနှုန်းများ ထိုးကျခြင်းကို ရင်ဆိုင်ရလျက်ရှိပါသည်။ အဆိုပါ အခြေအနေများသည် ရုရှားငွေကြေးတန်ဖိုးကို ထိုးကျစေခဲ့ပြီး ရုရှား ဗဟိုဘဏ်အား၎င်းင်း၏ စံအတိုးနှုန်းကို ၁၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်း သို့သိသိသာသာတိုးမြှင့်စေခဲ့ပါသည်။
   ရုရှား၏စီးပွားရေး အကျပ်အတည်းသည် ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် နိုင်ငံများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟုဆိုသော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နှစ် ကုန်ပိုင်းတွင် တက်ကြွမှုမရှိတော့သောကြောင့် လတ်တလော အကျိုးသက်ရောက်မှုကို အကဲဖြတ်သုံးသပ်ရန်ခက်ခဲကြောင်းသိရှိရပါသည်။
  ရုရှားအကျပ်အတည်းသည် ရင်းနှီးမြှုပ်နှံသူများ၏သဘောထားကိုပြောင်းလဲစေနိုင်သော်လည်း ၎င်းတို့အနေဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလအထိစောင့်ကြည့်ရမည်ဖြစ်ကြောင်း၊   ဖွံ့ဖြိုးတိုးတက်နေသော   ဈေးကွက်များတွင် ထုံးစံအတိုင်း မတည်ငြိမ်မှုများ (အတက်အကျများ)  ဖြစ်ပေါ်နိုင်ကြောင်း၊ အာရှနိုင်ငံများအနေဖြင့် ၎င်းတို့၏ ခိုင်မာသော စီးပွားရေး အခြေခံများနှင့် မူဝါဒများကြောင့်များစွာ စိုးရိမ်ဖွယ်မရှိကြောင်းသုံးသပ်ကြပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့

 

International Trade News

Pages