ယခုနှစ် ၁၁ လအတွင်း ဗီယက်နမ်တွင် လုပ်ငန်းပေါင်း ခြောက်သောင်းကျော်ပိတ်သိမ်း

Thu, 12/11/2014 - 14:35 -- admin_ygn

   ၂၀၁၄ ခုနှစ် ပထမ ၁၁ လအတွင်း လုပ်ငန်းဖျက်သိမ်း သို့မဟုတ် ရပ်ဆိုင်းထားတဲ့ ဗီယက်နမ်စီးပွားရေး လုပ်ငန်းပေါင်း  ခြောက်သောင်းကျော်ရှိတဲ့အတွက် နှစ်အလိုက်တိုး တက်မှုရဲ့  ၉ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း VNS သတင်းအေဂျင်စီရဲ့သတင်းမှာဖော်ပြပါတယ်။
  အပြီးသတ်ဖျက်သိမ်းပြီးတဲ့ စီးပွားရေးလုပ်ငန်းက ၈၆၆၁ ခု၊ ယာယီရပ်ဆိုင်းထားဖို့လျှောက်ထားတဲ့ စီးပွားရေးလုပ်ငန်းက ၁၀၁၄၇ ခုနဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းဆုံး ဖြတ်ချက်တွေကို စောင့်ဆိုင်းရင်း ယာယီရပ်ဆိုင်းထားတဲ့လုပ်ငန်း သို့မဟုတ် ရပ်ဆိုင်းဖို့လျှောက်ထားခြင်းမရှိဘဲ လုပ်ငန်းမလည်ပတ်တဲ့ လုပ်ငန်းက ၄၁၅၃၂  ခုရှိကြောင်း အထွေထွေစာရင်းရုံး  (General Statistics Office-GSO) က ထုတ်ပြန်ပါတယ်။
   GSO ကထုတ်ပြန်တဲ့ ကိန်းဂဏန်းများကို လေ့လာကြည့်ပါက ဗီယက်နမ်စီးပွားရေးလုပ်ငန်းအသိုက်အဝန်းတွင် ယှဉ်ပြိုင်မှုဖိအားအပါအဝင်အခက်အခဲအများအပြားနဲ့ ရင် ဆိုင်နေရတာကိုတွေ့ရှိရပါတယ်။ ဖျက်သိမ်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ယာယီရပ်ဆိုင်းထားတဲ့  စီးပွားရေးလုပ်ငန်းအရေအတွက်က ၂၀၁၃ ခုနှစ်ကစပြီး တစ်စတစ်စများပြား လာကြောင်း စာရင်းရုံးကပြောပါတယ်။
   GSO ကထုတ်ပြန်တဲ့ စာရင်းအရ ဇန်နဝါရီမှ နိုဝင်ဘာလအတွင်း ဗီယက်နမ်မှာအသစ်ထူထောင်တဲ့ စီးပွားရေးလုပ်ငန်းအရေအတွက်က  ၆၇၇၉၀ ရှိပြီး နှစ်အလိုက် နှိုင်းယှဉ် ရင် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်း ပါတယ်။ စုစုပေါင်းမှတ်ပုံတင်မတည်ရင်းနှီးငွေ ဗီယက်နမ် ဒေါင် ၁ ဒသမ ၃ ထရီလီယံ  (အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံ)  ရှိတဲ့ အတွက် နှစ် အလိုက်နှိုင်းယှဉ်ရင် ၈ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းပါတယ်။ အသစ်ထူထောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကခန့်ထားတဲ့ ဝန်ထမ်းဦးရေက ၉၉၂၀၀၀ ရှိပြီး နှစ် အလိုက် နှိုင်းယှဉ်ကြည့်ရင် ၁ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပါတယ်။
   အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားဖို့နဲ့ တည်ငြိမ်တဲ့ဖွံ့ဖြိုးမှုကိုရရှိဖို့ အစိုးရကအကူအညီပေးဖို့ GSO က အဆိုပြုထားပါတယ်။ သူတို့ရဲ့အားနည်းချက်တွေကို ကုမ္ပဏီ များက ဖြေရှင်းဆောင်ရွက်ဖို့လည်း GSO ကတိုက်တွန်းပါတယ်။

ဉာဏ်တင်

International Trade News

Pages