ယခုနှစ်သည် ကမ္ဘာ့စီးပွားရေးအတွက် မသေချာမရေရာသောနှစ်ဖြစ်ကြောင်း ဒါဗို့စ်စစ်တမ်းက ခန့်မှန်း

Mon, 01/22/2024 - 06:46 -- wtodep

ပထဝီနိုင်ငံရေးပဋိပက္ခများ၊ တင်းကြပ်သောဘဏ္ဍာရေးအခြေအနေများနှင့် ဉာဏ်ရည်တု၏ အနှောက်အယှက်ဖြစ်စေသည့် အကျိုးသက် ရောက်မှုများကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုသည် တနှစ်အတွင်းလျော့ကျနိုင်ကြောင်းနှင့် မသေချာမရေရာမှုများရှိကြောင်း ထိပ်တန်း စီးပွားရေးပညာရှင်များအား ပြုလုပ်ထားသည့် စစ်တမ်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါစစ်တမ်းမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum –WEF) နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ ကမ္ဘာ့နိုင်ငံရေးနှင့်စီးပွားရေးခေါင်းဆောင်များ စဉ်းစားနိုင်ရန် ဦးစားပေးကဏ္ဍများကိုရေးဆွဲနိုင်ရေး နှစ်စဉ်ပြုလုပ်သော စစ်တမ်းဖြစ်ပြီး ထိပ်တန်းစီးပွားရေးပညာရှင် ၆၀ ဦးကို မေးမြန်းထားခြင်းဖြစ်ပါသည်။

စစ်တမ်းတွင် ပါဝင်သူများ၏ ၅၆% က ယခုနှစ်သည် ဒေသတွင်းကွဲပြားမှုမြင့်မားပြီး ယေဘုယျ ကမ္ဘာ့စီးပွားရေးအခြေအနေ အားနည်းမည်ဟုမျှော်လင့်ထားကြသည်။ တရုတ်နှင့်အမေရိကန်သည် အလယ်အလတ် သို့မဟုတ် ပိုမိုအားကောင်းသော တိုးတက်မှုရနိုင်သော်လည်း ဥရောပသည် အားနည်းသော သို့မဟုတ် အလွန်အားနည်းသော တိုးတက်မှုကိုသာ ရရှိမည်ဟု အများစုက သဘောတူညီထားကြပါ သည်။ တောင်အာရှ၊ အရှေ့အာရှနှင့် ပစိဖိတ်ဒေသများအတွက် မျှော်လင့်ချက်မှာ ပိုမိုအပြုသဘော ဆောင်ပြီး ၂၀၂၄ခုနှစ်တွင် အနည်းဆုံး အလယ်အလတ်အဆင့် တိုးတက်မည်ဟု ခန့်မှန်းထားကြသည်။

အတိုးနှုန်းများ မြင့်တက်နေမှုအပေါ် ကမ္ဘာ့ထိပ်တန်းဗဟိုဘဏ်များ၏ အကြံပြုချက်များကိုကိုးကားလျှက် ငွေကြေးဖောင်းပွမှု ကျဆင်းရေးနှင့် အလုပ်သမားဈေးကွက်တွင် တင်းကြပ်မှုများလျော့ပေါ့ရေးကို စစ်တမ်းတွင်ပါဝင်သူ ၇၀% က မျှော်လင့်နေကြသည်။

ဉာဏ်ရည်တုသည် ကမ္ဘာ့စီးပွားရေးအတွက် သိသာသောပြောင်းလဲမှုများ ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းချက်များအရ စစ်တမ်းတွင် ပါဝင်သူများ၏ ၉၄ % က လာမည့်ငါးနှစ်အတွင်း ဉာဏ်ရည်တုကြောင့် ဝင်ငွေမြင့်မားသောနိုင်ငံများတွင် ကုန်ထုတ်စွမ်းအား သိသာစွာ တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ၅၃%က ဝင်ငွေနည်းသောနိုင်ငံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်နိုင်မည်ဟု ခန့်မှန်းထားကြပါ သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်က နိုင်ငံပေါင်း ၁၀၇ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အရည်အသွေးကို သီးခြားလေ့လာခဲ့ရာ နိုင်ငံအများစု၏ တိုးတက်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းမရှိကြောင်းနှင့် လူမှုအသိုက်အဝန်းတစ်ခုလုံးမပါ​ဝင်ကြောင်း တွေ့ရှိခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဦးဆောင်ညွှန်ကြားရေးမှူး Saadia Zahidi က “ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ထိန်းကျောင်းခြင်းသည် အဓိကစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်သော်လည်း တိုးတက်မှုတစ်ခုတည်းနှင့်မလုံလောက်ကြောင်း ပြောကြားခဲ့ပြီး လူမှုအသိုက်အဝန်း၊ သဘာဝပတ်ဝန်းကျင်နှင့် အခြားဦးစားပေးကဏ္ဍများအား မျှတစွာဖြစ်စေရန် မူဝါဒချမှတ် သူများအားကူညီနိုင်ရေး ကမ္ဘာ့စီးပွားရေးဖိုရမ်မှလှုပ်ရှားမှုတစ်ခု လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

(စာကြွင်း။    (၅၄) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်မြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ရက်နေ့အထိ ကျင်းပလျှက်ရှိပါသည်။)

Source: www.thedailystar.net

International Trade News

Pages