ဘော့ဆွာနာနိုင်ငံသမ္မတမှ အာဖရိကတိုက်အတွက် အားလုံးရေရှည်ဆောင်ရွက်နိုင်သော အလားအလာရှိသည့် ကုန်သွယ်မှုများကို ခွင့်ပြုသွားမည်ဟု ပြောကြား

Mon, 05/08/2023 - 08:58 -- wtodep

ဘော့ဆွာနာနိုင်ငံသမ္မတ၊ H.E. Dr.Mokgweetsi E.K. Masisi ကကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သည် ကုန်သွယ်မှု အထောက်အပံ့ဖြစ်စေသော အခွင့်အလမ်းများမှတစ်ဆင့် WTO အဖွဲ့ဝင် နိုင်ငံများအားလုံးပိုမိုပါဝင်နိုင်၍ အကျိုးရှိ‌သော ကုန်သွယ် မှုစနစ်တစ်ခု ထူထောင်သင့်ကြောင်း၊ WTO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် (၁၃) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံမကျင်းပမီ အထူးသဖြင့် အာဖရိကတိုက်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအားလုံး၏ ဆန္ဒနှင့် အကျိုးစီးပွားအပြည့်အဝရရှိရေးအတွက် အခိုင်အမာဆောင်ရွက်ရန် တောင်းဆိုထားကြောင်း မေလ ၂ ရက်နေ့တွင် WTO ၌ ကျင်းပပြုလုပ်သည့် Presidential Lecture Series တွင် ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala က ဖွင့်လှစ်ခဲ့ပြီး WTO သံတမန်များ၊ ဆွစ်ဇာလန်အာဏာပိုင်များ၊ အစိုးရအဖွဲ့အစည်း ဆိုင်ရာအကြီးအကဲများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စီးပွားရေးနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Dr. Ngozi Okonjo-Iweala က Presidential Lecture Series ၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်း ကုန်သွယ်မှုပြုရာတွင် WTO မှ အကြံဉာဏ်များ၊ အတွေ့အကြုံများ၊ မူဝါဒဆိုင်ရာ အဆိုပြုချက်များနှင့် မူဝါဒချမှတ်သူများအတွက် အသုံးပြုနိုင်မည့် အတွေးအခေါ်များ မျှဝေသွားနိုင် ရေး ကြိုးပမ်းအားထုတ်ရန်ဖြစ်ကြောင်း၊ ဘော့ဆွာနာနိုင်ငံသမ္မတ၊ Dr.Mokgweetsi E.K. Masisi သည် ၂၀၁၈ ခုနှစ်တွင် သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစ၍ ၎င်းနိုင်ငံ၏ နယ်စပ်ရေးရာကိစ္စရပ်များ ပေါ်ပေါက်ခဲ့ပြီးနောက် တွေးခေါ်မြော်မြင်နိုင်သော ထူးချွန်သည့်ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်ကြောင်း၊ ဘော့ဆွာနာနိုင်ငံသည် အာဖရိကတိုက်လူဦးရေ၏ ၀.၂ % အောက်သာရှိသော်လည်း အာဖရိကတိုက်မှ ကုန်ပစ္စည်းတင်ပို့မှုတန်ဖိုး၏ ၁.၃% အထိ အောင်မြင်မှုရရှိထားကြောင်း ​ပြောကြား ခဲ့သည်။

သို့ရာတွင် ဘော့ဆွာနာနိုင်ငံသည် အာဖရိကတိုက်ရှိ အခြားနိုင်ငံများကဲ့သို့ ပို့ကုန်အမျိုး အစားကွဲပြားမှု၊ အလုပ်အကိုင်ရရှိနိုင်မှု၊ ကျွမ်းကျင်မှုမြှင့်တင်ခြင်း၊ တန်းတူညီမျှမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရေး စသည့်စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ် ကြောင်း၊ ဘော့ဆွာနာနိုင်ငံအစိုးရသည် သတ္တုတူးဖော်ရေး၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပညာရေး စသည့်အဓိကကဏ္ဍများတွင် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူငယ်များအတွက် ဒီဂျစ်တယ်နည်းပညာနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်ရန် အထူးမြှင့်တင်ဆောင် ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပခဲ့သည့် WTO ၏ (၁၂) ကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံ (MC 12) မှ ရရှိခဲ့သောရလဒ်များအပေါ် အဖွဲ့ဝင်နိုင်ငံများအကြား ယုံကြည်မှုရရှိစေ ခဲ့ကြောင်း၊ MC12 တွင် ရရှိခဲ့သောဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကမ္ဘာ့ကုန်သွယ်မှုရေရှည်တည်တံ့စေသည့် မူဘောင်တစ်ခုကို တည်ဆောက်ရာတွင် အဖွဲ့ဝင်နိုင်ငံ အားလုံးမှ မတူကွဲပြားသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ အများသဘောတူလက်ခံနိုင် သောပုံစံဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ပူးပေါင်းဆောင်ရွက်သွားရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

ဘော့ဆွာနာနိုင်ငံသမ္မတ၊ H.E. Dr. Mokgweetsi E.K. Masisi က အာဖရိကတိုက်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အဟန့်အတားဖြစ်စေသော စိန်ခေါ်မှုများကို အလေးပေးဖော်ပြခဲ့ပြီး အထူးသဖြင့် လူတိုင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ မျှတစွာ ဖြန့်ဖြူးနိုင်ရေးအတွက် ဆေးအလုံအလောက်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေရကြောင်း၊ WTO သည် နောင်ဖြစ်လာနိုင်သော ကပ်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင် ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဘော့ဆွာနာနိုင်ငံသည် ၁၉၉၄ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်မှလွတ်မြောက်ခဲ့ပြီး ထိုသို့ လွတ်မြောက်ပြီးသော နိုင်ငံများ၏ လိုအပ်ချက်များကို အခိုင်အမာကိုင်တွယ်ဖြေရှင်းရန်လိုအပ်ကြောင်း၊ LDC နိုင်ငံများမှ ရင်ဆိုင်ကြုံတွေ့ နေရသော စိန်ခေါ်မှုအခက်အခဲများကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း၊ ဝင်ငွေအလယ်အလတ်နှင့် အထက်ရှိ၍ LDC နိုင်ငံအဆင့်မှ လွတ်မြောက်ခဲ့သည့် ဘော့ဆွာနာနိုင်ငံကဲ့သို့သော ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများ (landlocked developing countries-LLDCs) ၏ စိန်ခေါ်မှုအခက်အခဲများမှ အတွေ့အကြုံ သင်ခန်းစာများရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဖရိကတိုက်အတွင်း လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (African Continental Free Trade Area - AfCFTA) တည်ထောင်၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် သိသာထင်ရှားသော တိုးတက်မှုများရရှိကြောင်း၊ WTO အဖွဲ့ဝင် နိုင်ငံများမှ အာဖရိက နှင့် ကမ္ဘာ့အခြားနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် တောင်းဆိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဘော့ဆွာနာနိုင်ငံသည် WTO ၏ ကုန်သွယ်ရေးနှင့် ကျားမရေးရာ အလွတ်သဘောလုပ်ငန်းအဖွဲ့ တည်ထောင်သူ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အယ်လ်ဆာဗေးဒေါနှင့် အိုက်စလန်နိုင်ငံတို့နှင့်အတူ ပူးတွဲဥက္ကဌအဖြစ်ပါဝင်ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုမူဝါဒများနှင့် ကျား/မရေးရာ အစီအစဉ်များကို ထောက်ခံအားပေး၍ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်လူငယ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်မှုမြှင့်တင်နိုင်ရန်ရည်ရွယ်၍ နိုင်ငံတော်အဆင့်လူငယ်ကောင်စီကို တည်ထောင်ခဲ့ကြောင်း၊ အစိုးရက လူငယ်များ၏ အလုပ်အကိုင်ရရှိမှုနှင့် စွန့်ဦးတီထွင်မှုဆိုင်ရာ ပံ့ပိုးကူညီနိုင်ရေးအတွက် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထွေထွေကောင်စီဥက္ကဋ္ဌ သံအမတ်ကြီး Athaliah Lesiba Molokommeက ကျေးဇူးတင် စကားပြောကြားရာ၌ WTO ၏ ဆွေးနွေးမှုများမှ တစ်ဆင့် အာဖရိကတိုက်နှင့် အခြားကမ္ဘာ့နိုင်ငံများအကြား ကမ္ဘာ့ကုန်သွယ်မှုကို ပုံဖော်နိုင်ရေးအတွက် တွန်းအားဖြစ် လိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ကာ ဟောပြောပွဲကို ရုပ်သိမ်းခဲ့သည်။

Source:www.wto.org

International Trade News

Pages