ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် လာအိုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဆွေးနွေး

Tue, 12/09/2014 - 12:41 -- admin_ygn

   ထိုင်းနိုင်ငံဝန်ကြီးချုပ် Gen Prayut  သည် နိုဝင်ဘာလ နောက်ဆုံးရက်သတ္တပတ်၌ လာအိုနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်စဉ် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် နယ် စပ်ဖြတ်ကျော်ကုန်သွယ်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မဲခေါင်မြစ်ကိုဖြတ်၍ ပဉ္စမမြောက်ချစ်ကြည်ရေး တံတား တည်ဆောက်ရေးစီမံကိန်း၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။
   ထိုင်းနိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖြတ်ကျော်အဆက်အသွယ်များ၊ လာအိုနိုင်ငံမှ လျှပ်စစ်ပိုမိုဝယ်ယူနိုင်ခြေ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်လိုခဲ့ကြောင်း၊ လာအိုနိုင်ငံမှ လျှပ်စစ်ဝယ်ယူခြင်းနှင့်ပတ်သက်၍ လက်ရှိ/တည်ဆဲသဘောတူစာချုပ်ရှိကြောင်း၊ သို့ရာ တွင် နောက်ထပ် (ဖြည့်စွက်) ဝယ်ယူရန် အသေးစိတ်ထပ်မံဆွေးနွေးမည်ဖြစ်သည်။
   ထိုင်းနိုင်ငံအစိုးရအနေဖြင့် လာအိုနိုင်ငံနှင့် ကပ်နေသောနယ်စပ်ဒေသများ၌အထူးစီးပွားရေးဇုန်များတည်ထောင်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန်စီစဉ်ထားကြောင်း၊ အဆိုပါဇုန်များတွင် ကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းအင်္ဂါရပ်များ ပေါင်းစပ်ထားကြောင်း၊ ထို့ပြင် ခရီးသွားနေရာအဖြစ်လည်းဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း၊ Mukdahan နှင့် လာအိုနိုင်ငံရှိ SavanSeno  အထူးစီးပွားရေးဇုန်၌ အမြွှာဖွံ့ဖြိုးရေး (twin development) ဆွေးနွေးရန်အဖွဲ့နှစ်ဖွဲ့ကို တာဝန်ပေးအပ်ပြီးဖြစ်ကြောင်းသိရှိရပါသည်။
  ထိုင်းနိုင်ငံအနေဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် လာအိုနိုင်ငံနှင့် နယ်စပ်ဆက်သွယ်ရေးလမ်းကြောင်းများတိုးတက်ကောင်းမွန်စေလိုကြောင်း၊ နှစ်နိုင်ငံ စလုံးရှိခရီးသွားနေရာများ မြှင့်တင်နိုင်မည့် ''joint package'' ကိုနှစ်နိုင်ငံစလုံးမှဆောင်ရွက်လိုကြကြောင်း GenPrayut က ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဘန်ကောက်မြို့

International Trade News

Pages