ပင်လယ်နီပဋိပက္ခကြောင့် ရေနံဈေးတက်

Fri, 01/19/2024 - 04:13 -- wtodep

ပင်လယ်နီမှတစ်ဆင့် နိုင်ငံတကာကုန်သွယ်မှုတွင် အနှောင့်အယှက်များဖြစ်ပေါ်နေခြင်းနှင့် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မည်ကို စိုးရိမ်မှုများနှင့်အတူ ရေနံဈေးသည်တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၀ သို့ ရောက်ရှိခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးတွင် ပြင်းထန်သော ငွေကြေးဖောင်းပွမှုများ ရှိလာနိုင်သည်ဟု သုံးသပ်မှုများကြောင့် စနေနေ့တွင် Brent ရေနံစိမ်းဈေးသည် ၄ % တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၀.၇၅ ပေါက်ခဲ့ပြီး အမေရိကန်နှင့် ဗြိတိန်မှ ယီမင်၏ ဟူသီ သူပုန်နေရာများကို တိုက်ခိုက်ပြီးနောက် စိုးရိမ်ပူပန်မှုများကြောင့် အမေရိကန်အနောက်ပိုင်း တက္ကစက်ပြည်နယ်ထွက် ရေနံစိမ်းမှာလည်း ဈေးတက်လာခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး သင်္ဘောလိုင်းများသည် ပင်လယ်နီကိုဖြတ်၍ တင်ပို့မှုများကို ခေတ္တရပ်နားထားကာ အာဖရိက တောင်ဘက်စွန်းရှိ Good Hope အငူမှစ၍ ကွန်တိန်နာကုန်စည်ပို့ဆောင်မှုကို လမ်းကြောင်းပြောင်းပြီး မိုင်ထောင်ချီပိုဝေးသော ခရီးလမ်းကြောင်းကို ရွေးချယ်ရသောကြောင့် ခရီးစရိတ်များ တိုးမြင့်ခြင်းနှင့် ဥရောပသို့ အရေးကြီးသော အစိတ်အပိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ပို့ဆောင်မှုတို့ နှောင့်နှေးလျှက်ရှိပါသည်။

စီးပွားရေးပညာရှင်များက သင်္ဘောဖြင့်သယ်ယူပို့ဆောင်ခြင်းတွင် အတားအဆီးများနှင့် မြင့်မားသော ရေနံစျေးနှုန်းများ ဆက်လက်ဖြစ်ပွားနေပါက ကိုဗစ်ကပ်ရောဂါနှင့် ၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်း အရေးအခင်းကြောင့်ဖြစ်ပွားခဲ့သည့် ဆယ်စုနှစ် များစွာအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုကိုလျော့ချရန် ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

ပင်လယ်နီမှ အာဖရိကကမ်းရိုးတန်းတစ်ဝိုက်သို့ သင်္ဘောများလမ်းကြောင်းပြောင်းခြင်းသည် ခရီးကြာချိန် ၁၀ ရက်ခန့် ပိုကြာစေပြီး ပို့ဆောင်မှုကုန်ကျစရိတ်နှင့် ထုတ်လုပ်သူနှင့် လက်လီရောင်းချသူများအတွက် နှောင့်နှေးမှုများ ဖြစ်စေပါသည်။

Source: The Guardian

 

International Trade News

Pages