နည်းပညာဆိုင်ရာလွှဲပြောင်းပေးမှုအပေါ် ဆွေးနွေးချက်များ ပြန်လည်အားကောင်းလာစေရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက အဆိုပြုဆွေးနွေးခဲ့ကြ

Tue, 05/28/2024 - 06:55 -- wtodep

မေလ ၁၅ ရက်နေ့က ကျင်းပခဲ့သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုနှင့် နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် လာမည့်ညှိနှိုင်းမှုများ၌ ဆွေးနွေးမည့် အကြောင်းအရာများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာအကူအညီများ တိုးမြှင့်ဝင်ရောက်ရေး နည်းလမ်းများအား ဆွေးနွေးခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများက လစ်သူယေးနီးယားနိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ်ကို  ၂၀၂၄ ခုနှစ်အတွက် ညှိနှိုင်းမှု ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပြီး ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) ကို လုပ်ငန်းအဖွဲ့၏ လေ့လာသူအဆင့်အဖြစ် ခွင့်ပြုခဲ့ပါသည်။

WIPO ကိုယ်စားလှယ်က WIPO သည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကာ မူပိုင်ခွင့်/တီထွင်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို အခြေခံ၍ နည်းပညာလွှဲပြောင်းခြင်း ဆွေးနွေးမှုများ ကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ WIPO ၏ လေ့လာသူအဖြစ် တောင်းခံမှုကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများက ထောက်ခံခဲ့ကြပြီး အဘူဒါဘီဝန်ကြီးအဆင့် ကြေညာစာတမ်းက နှစ်ဖက်အကျိုးရှိစေမည့်လုပ်ငန်းများအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲလုပ်ဆောင်ရန် ချမှတ်ခဲ့ပါသည်။

လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက အိန္ဒိယနှင့် အာဖရိကအုပ်စုတို့က အဆိုပြုခဲ့ သည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာအကူအညီများတိုးမြှင့်ရေးလုပ်ငန်းအဖွဲ့မှ ဦးစားပေးဆွေးနွေးရန် အကြောင်းအရာများနှင့်စပ်လျဉ်းသော အဆိုပြုချက်နှစ်ခုအား ဆွေးနွေးခဲ့ကြပါသည်။ ဦးစားပေးအကြောင်းအရာများမှာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရေးနှင့်ကြံ့ကြံ့ခံနိုင်ရေး၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းပညာများ အားပေးမြှင့်တင်ရေးတို့ ပါဝင်သည်။လစ်သူယေးနီးယားအမြဲတမ်းကိုယ်စားလှယ်က အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံကာ ၎င်းတို့ဆွေးနွေးလိုသည့်ပုံစံအပါအဝင် နောက်ထပ်ဆောင်ရွက်လို သည့်အဆင့်များ မေးမြန်းသွားမည်ဖြစ်ကြောင်း၊ အဘူဒါဘီဝန်ကြီးအဆင့်ကြေညာစာတမ်းတွင် ဝန်ကြီးများက ဤလုပ်ငန်းအဖွဲ့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လုပ်ငန်းတာဝန်များကို  ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.wto.org

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages