တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ အလက်စ်ရှန်ကူနယ်စပ်ဂိတ်တွင် လယ်ယာထွက်ကုန်များအား အကောက်ခွန် လျှင်မြန်စွာစစ်ဆေးနိုင်ရေး အစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးထားခြင်း

Mon, 03/20/2023 - 02:47 -- wtodep

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကာဇက်စတန်နိုင်ငံနှင့် နယ်နမိတ်ဆက်စပ်လျက်ရှိသော ရှင်းကျန်ဝေဂါ (Xinjiang Uygur) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရေးကြီးသော ဝင်ပေါက်တစ်ခုဖြစ်သည့် အလက်စ်ရှန်ကူ (Alashankou) နယ်စပ်ဂိတ်တွင် လယ်ယာထွက်ကုန်များနှင့် အခြားကုန် ပစ္စည်းများအား လျင်မြန်စွာအကောက်ခွန်ရှင်းလင်းနိုင်ရေး အစိမ်းရောင်လမ်းကြောင်း (Green Channel) ကို တရားဝင်ဖွင့်လှစ်ထားကြောင်း ဒေသဆိုင်ရာ အစိုးရထံမှ သိရှိရသည်ဟု (၁၆-၃-၂၀၂၃) ရက်နေ့ထုတ် Global Times သတင်းစာက ဖော်ပြထားပါသည်။

အထူးလမ်းကြောင်းဖြစ်သည့် အစိမ်းရောင်လမ်းကြောင်းကို စမ်းသပ်လည်ပတ်မှု၏ ပထမ ပတ်အတွင်း အလက်စ်ရှန်ကူ (Alashankou) နယ်စပ်ဂိတ်ကိုဖြတ်သွားသည့် ကားအစီးရေ ၁၈၃၄ စီး ရှိကာ ပြီးခဲ့သည့် သီတင်းအပတ်ကထက် ၃၆.၁၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ ပို့သွင်းပမာဏမှာ တန်ချိန် ၁၇၅၀၀ ဖြင့် ပြီးခဲ့သည့် သီတင်းအပတ်ကထက် ၃၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အကောက်ခွန်ရှင်းလင်းခြင်းအတွက် သယ်ယူထောက်ပံ့ ပို့ဆောင်စရိတ်များ လျော့ကျသွားသော ကြောင့် နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်နှင့် အခြားကုန်ပစ္စည်းများ ကုန်သွယ်မှုတိုးမြှင့်လာ ကာ စီးပွားရေလုပ်ငန်းများ ပိုမိုတိုးချဲ့လာနိုင်ကြောင်း နယ်စပ်ကုန်သည်များထံက သိရှိရသည်ဟု Global Times က ဆိုသည်။

ကာဇက်စတန်နိုင်ငံမှ ကောက်ပဲသီးနှံ၊ ဆီနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရန် ကုန်ကြမ်း တင်သွင်းသည့် တရုတ်ကုမ္ပဏီ AlashankouJinmu Biotechnology Co မှ ဒုတိယအထွေထွေ မန်နေဂျာဖြစ်သူ Yang Haiquan က ယခုကဲ့သို့ အကောက်ခွန်စစ်ဆေးခြင်းတွင် အစိမ်းရောင် လမ်းကြောင်းဆောင်ရွက်မှုကြောင့် ကုမ္ပဏီမှ ကုန်ကြမ်းလိုအပ်မှုကို လျင်မြန်စွာ ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီး လုပ်ငန်းများတိုးချဲ့မည်ဖြစ်ကြောင်း၊ ကုမ္ပဏီနှစ်ပတ်လည် ရောင်းအားမှာ အမေရိကန် ဒေါ်လာ ၁၁၆ သန်း (တရုတ်ယွမ် ၈၀၀ သန်း) ရှိလာနိုင်ကာ လုပ်သား ၂၆၀ ဦး ထပ်တိုးခန့်အပ်နိုင် မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပိုးလမ်းမစီးပွားရေးရပ်ဝန်း (Silk Road Economic Belt) ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လာသည်နှင့်အမျှ အလက်စ်ရှန်ကူ (Alashankou) နယ်စပ်ဂိတ်တွင် လျင်မြန်သော အကောက်ခွန်ရှင်းလင်းရေးလမ်းကြောင်း ကျင့်သုံးခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာရှတိုက်အလယ်ပိုင်း နိုင်ငံများအကြား ရောင်းလိုအားနှင့် ဝယ်လိုအား အလားအလာများကို တွန်းအားပေးရန်နှင့် လယ်ယာထွက်ကုန်နှင့် အခြားကုန်ပစ္စည်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်လည်း စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရက ပြောကြားခဲ့ပါသည်။

Source: Global Times

International Trade News

Pages