တရုတ်နိုင်ငံ၏ ရှောင်မီ(Xiaomi)ကုမ္ပဏီမှ ပထမဆုံးလျှပ်စစ်မော်တော်ကား ထုတ်လုပ်တော့မည်

Wed, 01/10/2024 - 04:20 -- wtodep

စမတ်ဖုန်းအပါအဝင် လူသုံးကုန် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် တရုတ်နိုင်ငံ၏ ရှောင်မီကုမ္ပဏီသည် လျှပ်စစ်မော်တော်ကား ဈေးကွက်သို့ ဝင်ရောက်ပြီး မော်တော်ကားကုမ္ပဏီကြီးများဖြစ်သည့် တက်စ်လာ (Tesla)၊ ပေါ်ရှေး (Porsche)တို့နှင့် ယှဉ်ပြိုင်နိုင်ရန် ယွမ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ကားမော်ဒယ်တစ်ခု ထုတ်လုပ်နေကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ရှောင်မီ၏ စီအီးအို Lei Jun က ဆူချီ (Xiaomi SU7-Sue Qi)ဟု အမည်ပေးထားသည့် လျှပ်စစ်ကားကို ပေါ်ရှေး၏တေးကန်(Taycan)နှင့် တက်စ်လာ၏ မော်ဒယ်အက်စ်(Model S)ကားများနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ မကြာခင်ဖြန့်ချိမည်ဖြစ်ကြောင်း၊ တန်ဖိုး မသတ်မှတ်ရသေးကြောင်း တွစ်တာတွင် တင်ပြခဲ့သည်။

Lei Jun က SU7 ဒီဇိုင်းနာများမှာ BMW နှင့် Mercedes Benz တို့တွင် လုပ်ငန်းအတွေ့အကြုံများရှိခဲ့ကြောင်း၊ မိမိတို့ SU7 စမ်းသပ်ထုတ်လုပ်နေသည့်ကာလ ၃ နှစ်ကျော်အတွင်း လျှပ်စစ်မော်တော်ကားများသည် တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်မှုမြင့်မားသော ဈေးကွက်တစ်ခုဖြစ်ခဲ့ကြောင်း ၊ ပြည်တွင်းထုတ်လုပ်သူများက ၎င်းတို့ထုတ်ကုန်များကို အများနှင့်မတူစေရန် မြင့်မားသော နည်းပညာများဖြင့် ထုတ်လုပ်ခဲ့ကြကြောင်း၊ စမတ်ဖုန်းနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ချိတ်ဆက်အသုံးပြုသကဲ့သို့ SU7 ကိုလည်း လူ x အိမ် x ကား ပေါင်းစည်းအသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း၊ ရှောင်မီသည် ကိရိယာများအကြား သတင်းအချက်အလက် လုံခြုံစေရန် ကြိုးပမ်းအားထုတ်ထားပြီး ယာဉ်တိုက်မှုများအတွက် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများကို ကျော်လွန်နိုင်သည့် မော်တော်ယာဉ်ထုတ်လုပ်မှာဖြစ်ကြောင်း၊ ၎င်းတို့ မော်တော်ကားသည် iPhone၊ iPad၊ CarPlay နှင့် AirPlay တို့နှင့်လည်း အသုံးပြုနိုင်ကြောင်း ရှင်းလင်းခဲ့သည်။

စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ထုတ်ပြန်ချက်အရ စွမ်းအင်အသစ်များ အသုံးပြုသည့် မော်တော်ယာဉ်များအား ပေးအပ်သည့်အခွန်ကင်းလွတ်ခွင့်တွင် ရှောင်မီ၏ SU7 မော်ဒယ် ၂ ခု ပါဝင်ခဲ့ပါသည်။ ဝန်ကြီးဌာနက SU7 ကို ကီလိုမီတာ ၆၂၈ မှ ၈၀၀ အတွင်း (မိုင် ၃၉၀ မှ ၅၀၀ အတွင်း) ဘက်ထရီကိုသာ အသုံးပြုမောင်းနှင်သည့် မော်တော်ယာဉ်များထဲတွင် ထည့်သွင်းထားပြီး ရှောင်မီကို အစိုးရပိုင် Biac Group ၏ လုပ်ငန်းခွဲတစ်ခုအဖြစ် သတ်မှတ်ထည့်သွင်းထားပါသည်။

မော်တော်ကားဈေးနှုန်းကို သတ်မှတ်ထားခြင်းမရှိသေး၍ ပြင်ပတွင် ယွမ် ၉၉, ၀၀၀ မှ ၁၄၀,၀၀၀ ထိ ရှိမည်ဟု ခန့်မှန်းကြသော်လည်း Lei Jun က ဈေးနှုန်းချိုသာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: https:// www.cnbc.com

International Trade News

Pages