ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေး ထိပ်သီးအစည်းအဝေးကို မတ်လတွင် ကျင်းပမည်

Tue, 01/23/2024 - 06:54 -- wtodep

ကမ္ဘောဒီးယားနိုင်ငံသည် မြို့တော်ဖနွမ်းပင်၌ အာဆီယံစီးပွားရေးလုပ်ငန်းများ၏ ခေါင်းဆောင်များပါဝင်မည့် ပထမဆုံးအကြိမ် ကမ္ဘောဒီးယား-အာဆီယံ စီးပွားရေး ထိပ်သီးအစည်းအဝေးကို ၂၀၂၄ခုနှစ် မတ်လတွင် ဒေသတွင်း ကုန်သွယ်မှုနှင့်ချိတ်ဆက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပမည် ဖြစ်ပါသည်။

ဇန်နဝါရီလ ၅ ရက်နေ့က ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း (Cambodia Chamber of Commerce- CCC) ၌ ပြုလုပ်ခဲ့သော ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် CCC ဥက္ကဌ နှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီ၏ ပူးတွဲဥက္ကဌဖြစ်သူ Kith Meng မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး CCC အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ပါသည်။

“အာဆီယံ၏အလားအလာများကို ဖွင့်လှစ်ခြင်း ”ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါထိပ်သီးအစည်းအဝေးသည် နည်းပညာ၊ ရေရှည်တိုးတက်မှုနှင့် အားလုံးပါဝင်သည့်တိုးတက်မှုတို့ကို အလေးပေးဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဟွန်မာနက် ဦးဆောင်ကာ အာဆီယံနှင့် ကမ္ဘာ့နိုင်ငံများ၏ကဏ္ဍအသီးသီးမှ ဒါရိုက်တာများ၊ စွန့်ဦးတီထွင်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်သူများ စုစုပေါင်း ၅၀၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း CCC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိပ်သီးအစည်းအဝေးက မဏ္ဍိုင်လေးရပ်ကို အခြေခံထားပြီး မဏ္ဍိုင် (၁) အားလုံးပါဝင်နိုင်သော တိုးတက်မှုအတွက် အသုံးချ နည်းပညာကိုတွန်းအားပေးခြင်း၊ မဏ္ဍိုင်(၂)ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကို အဆင့်မြှင့်တင်ခြင်း၊ မဏ္ဍိုင် (၃) အာဆီယံ အသိုက်အဝန်းတွင် ကမ္ဘောဒီးယားပါဝင်မှုကို ပိုမိုခိုင်မာစေခြင်းနှင့် မဏ္ဍိုင် (၄) နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။

မဏ္ဍိုင်(၁)အောက်တွင် ဒစ်ဂျစ်တယ်သို့ကူးပြောင်းခြင်း၊ Al နှင့် အခြားနည်းပညာအသစ်များသည် စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကို မည်သို့မြှင့်တင်နိုင်သည်၊ ဒစ်ဂျစ်တယ်ကွာဟမှုကို မည်သို့ပေါင်းကူးပေးနိုင်သည် ၊ အာဆီယံတဝှမ်းတွင် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ဖြစ်ပေါ်စေနိုင်သည် စသည်တို့ကိုရှာဖွေခြင်း၊ မဏ္ဍိုင်(၂) အောက်တွင် အစိမ်းရောင်စီးပွားရေး အလေ့အကျင့်များအတွက် မဟာဗျူဟာများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း၊ အာဆီယံ၏ကတိကဝတ်များကို ရေရှည် တည်တံ့သော အနာဂတ်နှင့် ကိုက်ညီအောင်ဆောင်ရွက်ခြင်း၊ မဏ္ဍိုင် (၃)အောက်တွင် ကမ္ဘောဒီးယား ၏ မဟာဗျူဟာမြောက် တည်ရှိမှုကြောင့် အာဆီယံဒေသတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် အချက်အချာနေရာ ဖြစ်နိုင်ခြေ ကြီးထွားလာမှုနှင့် အာဆီယံအတွင်း ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကို မီးမောင်းထိုးဆွေးနွေးခြင်း၊ မဏ္ဍိုင်(၄)အောက်တွင် ဗဟုသုတများမျှဝေခြင်း၊ စီးပွား ရေးလုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အကြားတွင် အာဆီယံ၏ စုပေါင်းစွမ်းအားကိုရှာဖွေရန် ဖက်စပ်များ တည်ထောင်ခြင်းတို့ကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။

CCC ဥက္ကဌ Kith Meng က ယခု စီးပွားရေးလုပ်ငန်း ထိပ်သီးအစည်းအဝေးမှ ကမ္ဘောဒီးယား၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း အခွင့်အလမ်းများကို လက်တွေ့သိရှိရမည်ဖြစ်ပြီး စုပေါင်းအနာဂတ်အတွက် ကမ္ဘောဒီးယားအစိုးရအနေဖြင့် အာဆီယံနှင့် ကမ္ဘောဒီးယားစီးပွားရေး လုပ်ငန်းများကို မည်သို့အထောက်အပံ့ပေးထားသည်ကို ဝန်ကြီးချုပ်၏မိန့်ခွန်းမှတစ်ဆင့် သိရှိကြမည် ဖြစ်ကြောင်း၊ အစည်းအဝေးကို နှစ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Khmer Times သို့ ပြောကြားခဲ့ပါသည်။

https://www.khmertimeskh.com 

International Trade News

Pages