ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ချောက်ဆိုးပျောက်ဆေးရည်နှင့် သေဆုံးမှုအကြား ဆက်စပ်မှုများကို စုံစမ်းစစ်ဆေး လျက်ရှိပြီး မိဘများအတွက် အကြံဉာဏ်ပေးနိုင်ရန် သုံးသပ်လျက်ရှိခြင်း

Tue, 02/07/2023 - 03:30 -- wtodep

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် အိန္ဒိယနှင့် အင်ဒိုနီးရှားရှိ ချောင်းဆိုးပျောက်ဆေးရည် ထုတ်လုပ်သည့်စက်ရုံ (၆) ခုမှ အသုံးပြုနေသော ကုန်ကြမ်းပစ္စည်းများနှင့် လတ်တလောသေဆုံးမှုများအကြား ဆက်စပ်မှု ရှိ/ မရှိကို စုံစမ်းနေသကဲ့သို့ ကုန်ကြမ်းတင်သွင်းသူများထံမှ  အဆိပ်အတောက်ပါဝင်သော ကုန်ပစ္စည်းများပါဝင်မှု ရှိ/ မရှိကိုလည်း စုံစမ်းလျက်ရှိကြောင်း၊ ချောင်းဆိုးပျောက်ဆေးရည် အချို့၏ ဘေးကင်းမှုနှင့်ပတ်သက်၍ မဖြေရှင်းရသေးသဖြင့်  ကလေးများအသုံးပြုရန် သင့်မသင့်ကို တစ်ကမ္ဘာလုံးရှိ မိဘများကို အကြံဉာဏ်ပေးနိုင်ရန် WHO အနေဖြင့် သုံးသပ်နေပါကြောင်းနှင့် WHO ရှိ ဆေးဝါးပညာရှင်များကလည်း အဆိုပါချောင်းဆိုးပျောက်ဆေးရည်များသည် ကလေးများအတွက် လိုအပ်မှု ရှိ/ မရှိကို အထောက်အထားများဖြင့် ပြန်လည်စိစစ်နေ ကြကြောင်းကို WHO ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဂမ်ဘီယာနိုင်ငံ၊  အင်ဒိုနီးရှားနိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့၌ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ ကျောက်ကပ်ရောဂါဖြင့် ကလေးများသေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း WHO  သည် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပါကြောင်း၊  ထို့ပြင် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အရှေ့တီမောနှင့် ဆီနီဂေါနိုင်ငံတို့တွင်လည်း ချောင်းဆိုးပျောက်ဆေးရည်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေ ကြကြောင်း၊ စည်းမျဉ်းများ တိုးတက်ကောင်းမွန်ရေးနှင့် စံချိန်မမီသော ဆေးဝါးများကို အရေးပေါ်ရှာဖွေဖယ်ရှား နိုင်ရေးတို့အတွက် အခြားအစိုးရဆိုင်ရာအဖွဲ့အစည်းများနှင့် ကမ္ဘာလုံးဆိုင်ရာဆေးဝါးလုပ်ငန်းများကို အကူအညီတောင်းခံထားကြောင်း သိရှိရပါသည်။

အိန္ဒိယမှ ချောင်းဆိုးပျောက်ဆေးရည်ထုတ်လုပ်သည့် ကုမ္ပဏီ (၂) ခုဖြစ်သော Maiden Pharmaceuticals နှင့် Marion Biotech တို့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလနှင့် ယခုလအစောပိုင်းတွင် ထုတ်လုပ်ခဲ့သည့် ချောင်းဆိုးပျောက်ဆေးရည်များအတွက် WHO မှ အထူးသတိပေးချက်များ ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့၏ ကုန်ထုတ်စက်ရုံနှစ်ခုစလုံးကို ပိတ်ပစ်ခဲ့ကြောင်း၊ အိန္ဒိယအစိုးရက Maiden ၏ ထုတ်ကုန်များကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ပြသနာတစ်စုံတစ်ရာ မတွေ့ရှိရကြောင်းကို ဒီဇင်ဘာလထဲတွင် ပြောကြား ပြီးနောက်၊ Maiden သည် ယခုအချိန်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းနှင့်အတူ လက်တွဲဆောင်ရွက်နေသည့် WHO ကလည်း အင်ဒိုနီးရှားကုန်ထုတ်လုပ်သူများဖြစ်ကြသည့် PT Yarindo Farmatama၊ PT Universal Pharmaceutical၊ PT Konimex နှင့် PT AFI Farma တို့၏ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနေသည့် ချောင်းဆိုးပျောက်ဆေးရည်များနှင့်ပတ်သက်၍ အောက်တိုဘာလတွင် အသိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

PT Universal ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၏ ရှေ့နေဖြစ်သူ  Hermansyah Hutagalung က အန္တရာယ်ရှိသည်ဟု ယူဆရသော ချောင်းဆိုးပျောက်ဆေးရည်များအားလုံးကို ဈေးကွက်မှ ဖယ်ရှားရန်နှင့် အဓိကတင်သွင်းသူများကို ဖမ်းဆီးသင့်ကြောင်း ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ WHO မှ တာဝန်ရှိသူက ချောင်းဆိုးပျောက်ဆေးများတွင် စက်မှုလုပ်ငန်းသုံး ဖျော်ရည်များနှင့် ရေမခဲဆေးပစ္စည်းများအဖြစ် အသုံးပြုသော အဆိပ်အတောက်ဖြစ်စေမည့် ဓာတုပစ္စည်းများဖြစ်သည့် diethylene glycol နှင့် ethylene glycol တို့ကို  သုံးစွဲထားကြောင်း၊  အကျိုးဆက်အနေဖြင့် ဆီးမသွားနိုင်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းနှင့် ​အသက်ဆုံးရှုံးခြင်းတို့ကို ဖြစ်စေခဲ့ကြောင်း၊ စိတ်ချရသော ဆေးဝါးများမရရှိနိုင်သည့် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ထုတ်ကုန်များ ထုတ်လုပ်နေသော အလုပ်ရုံ/ စက်ရုံများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ကြီးကြပ်ခြင်းအပါအဝင် ကမ္ဘာ့အသုံးများသော ဆေးဝါးများ၏ စည်းမျဉ်းများပေါ်တွင် ဖြစ်နိုင်ချေရှိသော ကွာဟချက်များကို သေဆုံးမှုများက မီးမောင်းထိုးပြထားပါကြောင်းကို ပြောကြားခဲ့ပါသည်။

https://economictimes.indiatimes.com/industry/healthcare/biotech/healthcare/who-investigating-links-among-cough-syrup-deaths-considers-advice-for-parents/articleshow/97271316.cms

International Trade News

Pages