ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကမ္ဘာတစ်ဝှမ်း တွေ့ကြုံနေရသည့် စီးပွားရေးစိန်ခေါ်မှုများ ဖြေရှင်းရာတွင် ပါဝင်ကူညီ မည်ဟု ညွှန်ကြားရေးမှူးချုပ်ပြောကြား

Tue, 05/02/2023 - 03:16 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ ညွန်ကြားရေးမှူးချုပ် Dr. Ngozi Okonjo-Iweala က ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဝင်များအနေဖြင့် ဘက်စုံပူးပေါင်းဆောင်ရွက်၍ ရင်းနှီးမြှုပ်နှံမှုပြုခြင်းနှင့် ကမ္ဘာတလွှားရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်မှု ပိုမိုတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ WTO ၏ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် WTO စီးပွားရေးပညာရှင်များ၏ နှစ်အလိုက် ခန့်မှန်းချက်အရ ကမ္ဘာ့ကုန်သွယ်ရေး အဟန့်အတားများပေါ်ပေါက်နေခြင်းသည် စိုးရိမ်ရကြောင်း ဧပြီလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

WTO စီးပွားရေးပညာရှင်များက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်တွင် ၂.၇ % တိုးတက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၁.၇ % တိုးတက်မည်ဟု ဧပြီလ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

WTO ညွန်ကြားရေးမှူးချုပ်က ကမ္ဘာတစ်ဝှမ်းလူအများ၏ လူနေမှုအဆင့်အတန်းနှင့် အခွင့်အလမ်းများနည်းပါးလာပြီး ကာလရှည်ကြာ စီးပွားရေးတိုးတက်မှု လျော့နည်းလာကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုသည် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူဖြစ်၍ လူတန်း စားအလွှာမျိုးစုံမှ ဆောင်ရွက်နိုင်ပြီး စည်းမျဉ်းများကို အခိုင်အမာချမှတ်ဆောင်ရွက်ခြင်းဖြင့် တိုးတက်စေသော အရင်းအမြစ်အသစ် တစ်ခုအနေဖြင့် မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သည့် WTO ၏ (၁၂) ကြိမ်မြောက်ဝန်ကြီးများ အဆင့်ညီလာခံ (MC 12) ပြုလုပ်နိုင်ခဲ့သကဲ့သို့ ထပ်မံဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကဏ္ဍစုံဆောင်ရွက်နိုင်သောနယ်ပယ်တွင် အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် အခိုင်အမာပါဝင် ဆောင်ရွက်သင့်ကြောင်း၊ WTO အဖွဲ့ဝင် ၁၆၄ နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာမူဘောင်ကို ပံ့ပိုးပေးနေသည့် နိုင်ငံစုံအဖွဲ့အစည်းအနေဖြင့် ကမ္ဘာတစ်လွှားရင်ဆိုင်နေရသော စီးပွားရေးစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ပါဝင်ကူညီရန် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီမြို့တော်၌ ကျင်းပပြုလုပ်သွားမည့် (၁၃) ကြိမ်မြောက်ဝန်ကြီးများအဆင့်ညီလာခံ (MC 13) သည် လုပ်နိုင်သည့် အတိုင်းအတာအကန့်အသတ်များအကြားတွင် ဆောင်ရွက် နိုင်သော အရေးပါသည့်အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိကမ္ဘာ့အခြေအနေအရ MC 13 တွင် ရလဒ်ထွက်ပေါ် လာနိုင်သည့် အနေအထားမရှိကြောင်း၊ WTO မှ ရလဒ်များပေးအပ်နိုင်ရေးအတွက် ရည်မှန်းချက်နှင့် လက်တွေ့အကြား ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကိုရှာဖွေရန် အခြေခံလိုအပ်လျက်ရှိကြောင်း၊ WTO အနေဖြင့် ထိန်းသိမ်းဆောင်ရွက်၍ ဝန်ကြီးအဆင့် ညီလာခံများမှ အောင်မြင်မှုရလဒ်များရရှိရန် အရေးကြီးကြောင်း၊ အမျိုးမျိုးသောကပ်ဘေးများကြောင့် အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ခဲ့ရသည့် ပြည်သူများအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိ ကြောင်း သတိပေးပြောကြားခဲ့သည်။

WTO ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥက္ကဋ္ဌများဖြစ်သော တူကီယဲလ်နိုင်ငံ၊ သံအမတ်ကြီး Alparslan Acarsoy၊ အိုက်စ်လန်နိုင်ငံ၊ သံအမတ်ကြီး Einar Gunnarsson ၊ ကာဇက်စတန်နိုင်ငံ သံအမတ်ကြီး Zhanar Aitzhanova နှင့် ဂျီဘူတီနိုင်ငံ၊ သံအမတ်ကြီး Kadra Hassan တို့မှ တင်သွင်းခဲ့သော စိုက်ပျိုးရေး၊ ငါးလုပ်ငန်းအထောက်အပံ့၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးထားသော အစီရင်ခံစာများအရ ရှေ့ပြေးအနေဖြင့် ပြောကြားခြင်းဖြစ်ကြောင်း၊ ဘော့ဆွာနာနိုင်ငံ၊ သံအမတ်ကြီး Athaliah Molokomme ထံမှ အဖွဲ့ဝင်များသည် MC 13 တွင် ညှိနှိုင်းဆွေးနွေးသွားမည့်ကိစ္စရပ်များ၊ WTO ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတစ်စောင်ကိုလည်း လက်ခံရရှိထားကြောင်း၊ WTO ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥက္ကဋ္ဌများ၏ အစီရင်ခံစာများအပေါ် အရေးတကြီး စေ့စပ်ညှိနှိုင်းရန် လိုအပ်နေကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။

WTO အနေဖြင့် ဆောင်ရွက်မှုများတွင် တိုးတက်မှုရှိနေသော်လည်း နည်းပညာဆိုင်ရာလုပ်ဆောင်မှုများကို အကန့်အသတ်မရှိ ရပ်ဆိုင်း သွားခြင်းမဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာများအရ တက်ကြွစွာလှုပ်ရှားဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း၊ MC 13 မှ အောင်မြင်မှုရလဒ်များ ရရှိစေရေးအတွက် အကြောင်းအရာအလိုက် အမှန်တကယ် စတင်ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးကော်မတီမှ အဖွဲ့ဝင်များအား လာမည့်ဇူလိုင်လတွင် တွေ့ဆုံသွားမည် ဖြစ်သော်လည်း နောက်ဆက်တွဲအစည်းအဝေးများ မပြုလုပ်မီ နှစ်လခွဲအလိုတွင် ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့ပြင်သဘောတူညီချက်ရရှိရန် နေ့ချင်းညချင်း ဆောင်ရွက်၍မရကြောင်း၊ ဂျီနီဗာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းအများအပြားကို တိုးချဲ့ဆောင်ရွက်ထားမှသာ ဝန်ကြီးများအဆင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ကျစ်လျစ်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကဏ္ဍစုံ ကြိုးစားဆောင်ရွက်ကြသော်လည်း ရည်မှန်းချက်ရောက်ရှိရန် အလှမ်းကွာလျက်ရှိနေကြောင်း၊ ထို့ကြောင့် ရလဒ်များရရှိစေရေး ဆောင်ရွက်ရမည့် တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Source: www.wto.org

International Trade News

Pages