(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများဖြင့် စည်ကား

Fri, 08/18/2023 - 10:48 -- mocadmin

 နေပြည်တော်၊ ဩဂုတ် ၁၈   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပပြုလုပ်နေသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲ၏ တတိယနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့တွင်  မြန်မာနိုင်ငံ ပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိပါသည်။ 

    GMS ဖိုရမ်သို့တက်ရောက်ရန် ကူမင်းမြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံတိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များမှ စီးပွားရေးရာ ဝန်ကြီးများ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံပြခန်းဆောင်နှင့်  မြန်မာနိုင်ငံမှ ပါဝင်ပြသလျက်ရှိသည့် ပြခန်းများသို့ လာရောက်၍ ကြည့်ရှုအားပေးခဲ့ပါသည်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ (၈) ဖွဲ့သည် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး (Logistics)၊ သစ်တောထွက်ကုန်များ၊ နှစ်နိုင်ငံအကြား ကုန်ပစ္စည်းတင်ပို့တင်သွင်းနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင်မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူ တင်သွင်းရာတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သောသတင်းအချက်အလက်များကို အလွယ်တကူရှာဖွေရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၌  Online Platform များ တည်ထောင်ထားမှု အခြေအနေနှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ 

    ကုန်စည်ပြပွဲတတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး ကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages