၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်‌ရောက်အမှာစကားပြောကြား

Mon, 06/24/2024 - 09:49 -- mocadmin

      ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်အတွက် ပညာရည်ထူးချွန်ဆုပေးပွဲနှင့် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း‌ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးကို အမျိုးသားရေးမျှော်မှန်းချက်ချမှတ်ပြီး ခေတ်နှင့်လျော်ညီသည့် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို စီမံကိန်းချမှတ်၍ အကောင်အထည်ဖော် အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံသားတိုင်း အခြေခံပညာကို ကောင်းစွာသင်ယူတတ်မြောက်ရေး၊ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရေးဟူသည့် မျှော်မှန်းချက်များ အောင်မြင်အောင် စနစ်တကျ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်အစိုးရမူဝါဒနှင့်အညီ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား/ သမီးများ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးနှင့် အထောက်အပံ့ဖြစ်စေရေးတို့အတွက် ပညာသင်ထောက်ပံ့ကြေးများကို နှစ်စဉ်တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ သား/ သမီးများကို ပညာတတ်လူချွန် လူကောင်းများဖြစ်လာစေရေးအတွက် အလေးထားပြုစု ပျိုးထောင်ပေးစေလိုပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့်လည်း ပညာရဲရင့် ပွဲလယ်တင့်ဆိုသည့်အတိုင်း ပညာရည်မြင့်မားမှသာ မိမိ ဘဝတိုးတက်မည်ကို သိရှိနားလည်ပြီး ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင်၊ နိုင်ငံတော်က အားထားရသည့် သားကောင်း၊ သမီးမွန်ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြပါဟု တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးမှ ငါးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူ မောင်သန်းထိုက်ဆွေ၊ မောင်လင်းလွင်ဟိန်း၊ မနှင်းနန္ဒာခင်နှင့် လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်မင်းသန့်အောင်၊ မဟန်နီဇော်တို့အား လည်းကောင်း၊ ဒုတိယဝန်ကြီးမှ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မောင်ရင်မင်းသန့်၊ မလင်းလတ်ရွှေရည်သန့် နှင့် နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ မမေသဇင်ဦးတို့အား လည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းသား/ သမီးများမှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၅၄ ဦးအနက် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများအပါ အဝင် စုစုပေါင်းတက္ကသိုလ်ဝင်တန်း ၄၁ ဦး ဖြေဆိုအောင်မြင်ခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊  ဦးထွန်းအုံက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းသား/သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးများအား သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များထံသို့ အသီးသီးပေးအပ်ခဲ့သည်။ ယခုနှစ်ပညာသင်နှစ်တွင် ဝန်ကြီးဌာနမှ ဝန်ထမ်းသားသမီးများအနက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁၀၈၀ ဦးအတွက် ပညာသင်ထောက် ပံ့ကြေး စုစုပေါင်းငွေကျပ် ၃၂,၂၃၀,၀၀၀/- (ကျပ်သုံးရာနှစ်ဆယ့်နှစ်သိန်းသုံးသောင်းတိတိ) အား ထောက်ပံ့ပေးခဲ့သည်။

          အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဂုဏ်ထူးရ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages