စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများ(မူကြမ်း) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

Mon, 07/03/2023 - 04:39 -- mocadmin

     စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများ (မူကြမ်း) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားသည်။

     အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ် အကောင် အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဆိုင်ရာဥပဒေများဖြစ်သည့် စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါ မူပိုင်ခွင့်ဥပဒေ(၄)ရပ်အနက်မှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေကို စတင်အာဏာသက်ဝင်၍ ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်သည့် နည်းဥပဒေ(၂)ရပ်အား ရေးဆွဲလျက်ရှိပါကြောင်း၊ ပထမနည်းဥပဒေဖြစ်သည့် စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ (မူကြမ်း)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဩဂုတ်လတွင် ကျင်းပခဲ့ပြီး ဥပဒေရေးရာဝန်ကြီးဌာနထံသို့ သဘောထားမှတ်ချက်တောင်းခံခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ထားပြီးဖြစ်ပါကြောင်း၊  နည်းဥပဒေ နောက်တစ်ခုဖြစ်သည့် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာနည်းဥပဒေများ(မူကြမ်း)ကိုလည်း ရေးဆွဲပြုစုခဲ့ပြီး အဆိုပါနည်းဥပဒေ(မူကြမ်း)အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်ပါသောကြောင့် ယခုညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအပေါ် ထည့်သွင်းစဉ်းစားသုံးသပ်ပြီး အဆိုပြုဖော်ပြချက်များနှင့်ပြင်ဆင်ထားရှိမှု အပေါ် အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများက စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေ ကောက်ခံပြီး လက်ရာရှင်များထံ ပြန်လည်ခွဲဝေပေးခြင်းတို့ကို အကျိုးအမြတ်အတွက် မရည်ရွယ်ဘဲ ဝန်ဆောင်ခဖြင့်သာ စီမံဆောင်ရွက်ပေးနိုင်မှာဖြစ်သလို လက်ရာများအား အသုံးပြုမှုများကို ကြီးကြပ် ဆောင်ရွက်ရသဖြင့် မူပိုင်ခွင့်ချိုးဖောက်ခံရမှုများ လျော့နည်းလာမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပရှိ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများနှင့်လည်း သဘောတူညီချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက် နိုင်မည်ဖြစ်ပြီး မူလလက်ရာရှင်များ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့်အရေး ပိုင်ရှင်များအတွက် များစွာသော အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေး အကြံပြုချက်များနှင့်အညီ လိုအပ်သည်များပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံတို့က စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်း ဆိုင်ရာနည်းဥပဒေများ(မူကြမ်း)နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြရာ  ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာကဏ္ဍ အလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages