အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံ စည်းမျဉ်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Tue, 07/04/2023 - 03:48 -- mocadmin

နေပြည်တော်၊ ဇူလိုင် ၃

   ကမ္ဘောဒီးယား၊​ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင် သော အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊​ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   စီးပွားရေးနှင့် ကူးသန်း​ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံ− ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ကို ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ အရာထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍  ကျင်းပခြင်းဖြစ်ပါကြောင်း၊ အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသသည် စာချုပ်ဝင်နိုင်ငံများအတွက် အဓိကမှတ်တိုင်တစ် ရပ်ဖြစ်ပါကြောင်း၊​ အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်သည် ကုန်စည်ကုန်သွယ်ရေးတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေပါကြောင်း၊​ သို့ဖြစ်ရာ အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အရ ကျင့်သုံးသည့် အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းတို့ကို နားလည်သဘောပေါက်ခြင်းဖြင့် သဘောတူစာချုပ်အရ အကောက်ခွန် သက်သာခွင့်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊​ ယင်းအခွင့်အရေးကိုရယူ၍ သက်ဆိုင်ရာအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှ အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို မည်ကဲ့သို့ ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်အသုံးချသွားရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

   ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ ပင်ရင်းနိုင်ငံစည်းမျဉ်း ဆပ်ကော်မတီ၏ ပူးတွဲသဘာပတိ Mr.Gusmiadi-rrahman ၊​ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ စီမံကိန်းတာဝန်ရှိသူ Mr. Kris Shandi Soekatawi ဆွေးနွေးပို့ချမည့် ဗီယက်နမ်နိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊​ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။​

   အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊​ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၄၅) ဦးဖြင့် ၂၀၂၃ ခုနှစ်၊​ ဇူလိုင်လ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages