အိန္ဒိယနိုင်ငံသည် အကောက်ခွန်မဲ့ ကုလားပဲတင်သွင်းခွင့်ကို လေးလသက်တမ်းထပ်တိုး

Tue, 05/14/2024 - 04:28 -- wtodep

အိန္ဒိယနိုင်ငံသည် အကောက်ခွန်မဲ့ ကုလားပဲတင်သွင်းခွင့်ကို (၄) လ ထပ်မံသက်တမ်းတိုး၍ ၂၀၂၄ ခု နှစ်၊ အောက်တိုဘာလအထိခွင့်ပြုခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဒီဇင်ဘာလ အစောပိုင်းတွင် ဗဟိုအစိုးရမှ အကောက်ခွန်မဲ့ ကုလားပဲတင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ ခွင့်ပြုခဲ့ပြီး ထပ်မံ၍ ဧပြီလ/ ဇွန်လများအထိ သက်တမ်းတိုးခဲ့ပါသည်။ ယင်းမှာ ပဲမျိုးစုံဈေးနှုန်း မတက်စေရန် အစိုးရ၏ ကြားဝင်ဆောင်ရွက်မှုဖြစ်ပါသည်။

အိန္ဒိယနိုင်ငံသည် ကုလားပဲအပေါ် အခွန်ကောက်ခံမှုကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ၅၀ % ဖြင့် စတင်ခဲ့ပြီး ကနေဒါနှင့်ရုရှားနိုင်ငံတို့မှ အဓိကထား တင်သွင်းလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံ ကို အမြောက်အမြားစားသုံးပြီး စိုက်ပျိုးသူဖြစ်သော်လည်း သွင်းကုန်ကိုလည်း မှီခိုလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် အဓိကအားဖြင့် ကုလားပဲ၊ ပဲနီလေး၊ မတ်ပဲ၊ ကုလားပဲလုံးနှင့် ပဲစဉ်းငုံတို့ကို စားသုံး ပါသည်။

အစိုးရသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းက အဖွဲ့အစည်းအချို့၏ ကုန်စည်သိုလှောင်ခွင့်ပမာဏ (Stock Holding Limit) ကိုပြန်လည်ပြင်ဆင်ခဲ့ပြီး ပဲစဉ်းငုံနှင့် မတ်ပဲတို့ ထိန်းသိမ်းနိုင်မှုပမာဏကို ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ နှစ်လတိုးမြှင့်ခဲ့ပါသည်။

စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူထံသို့ဖြန့်ဖြူးရေးဝန်ကြီးဌာနက ကုန်စည်သိုလှောင်ခွင့် ပမာဏကို ပြန်လည်ပြင်ဆင်ခြင်းနှင့် အချိန်ကာလကို တိုးမြှင့်ပေးလိုက်ခြင်းသည် ကုန်စည်များအား တရားမဝင် သိုလှောင်မှုကိုတားမြစ်ရန်၊ ပဲစင်းငုံနှင့် မတ်ပဲတို့ကို လုံလောက်စွာဖြင့် ဈေးကွက်၌ ရောင်း ချရန်နှင့် ပဲမျိုးစုံကို ဈေးနှုန်းချိုသာစွာ ရရှိစေရန်ဟုဆိုသည်။

အိန္ဒိယအစိုးရသည် လယ်သမားများကို မက်လုံးအမျိုးမျိုးပေးသည့်အပြင် ပြည်တွင်းလိုအပ်ချက်အရ ပဲမျိုးစုံကို တင်သွင်းနေရဆဲဖြစ်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် ပဲတင်သွင်းမှု ၂ ဆ နီးပါး မြင့်တက်ခဲ့ကာ တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၇၄ ဘီလီယံအထိ ရှိခဲ့ပါသည်။ တရားဝင်မဟုတ်သည့် အချက်အလက် များအရ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၄၅ သိန်းကျော် တင်သွင်းခဲ့ပြီး တစ်နှစ်ကျော်ခန့်က တန်ချိန်၂၄.၅ သိန်း တင်သွင်းခဲ့ကြောင်း ခန့်မှန်းထားပါသည်။

အစိုးရအနေဖြင့် ပြည်တွင်းဝယ်လိုအားနှင့် စျေးနှုန်းထိန်းညှိရန်အတွက် ဘရာဇီးနှင့်အာဂျင်တီးနား တို့ ကဲ့သို့ မိတ်ဖက်အသစ်များနှင့် ပဲမျိုးစုံတင်သွင်းနိုင်ရေး နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းနေကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားပါသည်။

Source: https://economictimes.indiatimes.com/

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages