အနည်းငယ်လှုပ်ခတ်လာသည့် ရွှေဈေးကွက်

Fri, 02/21/2020 - 06:30 -- admin_ygn

      ဖေဖော်ဝါရီလ ပထမပတ်တွင်  အနည်းငယ်ကျဆင်းခဲ့သည့် ရွှေဈေးနှုန်းမှာ ယခုအခါ အနည်းငယ်လှုပ်ခတ်လာပြီဖြစ်သည်။ ဈေးအနည်းငယ် လှုပ်ခတ်သည် ဆိုရာတွင် ပြီးခဲ့သည့်အပတ်နှင့် ယှဉ်ပါက အနည်းငယ်မြင့်လာသယောင်  ရှိသော်လည်း  ယခုတစ်ပတ်အတွင်း ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ "ရွှေဈေးကတော့ ဒီရက်ပိုင်းထဲပြန်ကျသွားတယ်။ ပြီးခဲ့တဲ့တစ်ပတ်ထက်တော့ မဆိုသလောက်လေး တက်လာတယ်။ အရောင်းအဝယ်ကလည်း ပုံမှန်လိုပဲဖြစ်နေတယ်။ ဈေးအတက်အကျ  ရှိနေပေမယ့် ၁၂ သိန်းအောက်တော့ မဆင်းသေးဘူး။ ထပ်ကျမယ့် အလားအလာရှိသေးတယ်လို့လည်း သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့နှစ်ကုန် ခါနီးလို ၁၁ သိန်းကျော်နဲ့ကျမလား၊ ၁၂ သိန်းပတ်ချာလည်မှာ  အတက်အကျဖြစ် မလားကတော့ စောင့်ကြည့်ရမယ်။ အခုက အဝယ်သမားတွေကလည်း ဈေးအတက် အကျကိုကြည့်နေလို့ စုမယ့်သူကလည်း ချိန်နေတဲ့အချိန်ဖြစ်နေတယ်။  အထည် အသေးလေးတွေကတော့ အဝယ်ရှိပါတယ်" ဟု ပြည်တွင်းရွှေအရောင်းအဝယ်လုပ် ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

      ပြည်တွင်းရွှေဈေးကွက်၌ ဖေဖော်ဝါရီ ၁၂ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၁၆၀ဝ၀ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင်မူ  အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁၂၂၀၅၀ဝသို့  မြင့်တက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင်မူ  အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၁၇၅၀ဝ သို့ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ရက် သတ္တပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်မူ  ဖေဖော်ဝါရီ ၁၂ ရက်က  ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၆၆ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၇၅ ဒေါ်လာသို့  ရောက်ရှိခဲ့ပြီး  ဖေဖော်ဝါရီ ၁၄ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၇၆ ဈေးရှိခဲ့ကြောင်းသိရသည်။

 

ချောစု