ပြည်ထောင်စုဝန်ကြီးက UMFCCIမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲသို့တက်ရောက်အမှာစကားပြောကြား

Fri, 06/25/2021 - 04:18 -- mocadmin

နေပြည်တော်၊ ဇွန် ၂၄ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၄) ရက်၊ (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊  အစည်း အဝေးခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲမှာ Covid-19 ကပ်ရောဂါကြောင့် ဆုံးရှုံးနစ်နာနေသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပုဂ္ဂလိက ကဏ္ဍမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ဆောလျင်စွာ ကူညီဖြေရှင်းပေးရန် ဆန္ဒရှိပါကြောင်း၊ ကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး ပုဂ္ဂလိက ကဏ္ဍ၏ အခက်အခဲ များကို အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင်လည်း အဆွေတော်တို့ ကြုံတွေ့နေရသည့်အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားစေရေး၊ လက်ရှိကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား  ပူးပေါင်းညှိနှိုင်းဖြေရှင်းပေးရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးတင်ပြခဲ့သည့် အခက်အခဲများကို ပြည်ထောင်စုဝန်ကြီးမှ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး အချို့အခက်အခဲများကို   အဆင့်လိုက် ဆွေးနွေးဖြေရှင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလိုတွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဆောင်ရွက်သွားလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားသို့ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့်အဖွဲ့ဝင်များ၊ နိုင်ငံခြားကုန်သည်အသင်းများမှ တာဝန်ရှိသူများနှင့်စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages