လယ်ယာထွက်ကုန်ပဲမျိုးစုံမေလတင်ပို့မှုလျာထားချက်ကျော်လွန်

Fri, 06/07/2024 - 14:14 -- mocadmin

   မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းများသည် နိုင်ငံတော်၏ ပြည်ပဝင်ငွေအများဆုံးရရှိသောအားထားရသည့် ပို့ကုန်အမယ် များဖြစ်ကြသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း၊ ပြည်ပသို့ တင်ပိုရန်လျာထားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်ပထမသုံးလပတ်တွင် စုစုပေါင်းတန်ချိန် ၄ ဒသမ ၃၈ သိန်း တင်ပို့ရန် လျာထားခဲ့သည်။

   ပြည်ပတင်ပို့ရန်လျာထားချက်များအတိုင်း ပြည့်မီစွာတင်ပို့နိုင်ရေးဆောင်ရွက်လျှက်ရှိရာ ယခု  ဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလများတွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၆၆ သိန်းကျော် တင်ပို့ထားနိုင်ခဲ့သည့် အတွက်  လျာထားချက်ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ပြီး ဇွန်လတွင်လည်း လျာထားချက်ပြည့်မီ အောင် တင်ပို့နိုင်ရေး ပဲမျိုးစုံတင်ပို့သည့် ပို့ကုန်လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များ အသင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း (အရှေ့/အနောက်) မွန်ပြည်နယ် တို့တွင် မတ်ပဲထွက်ရှိပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင်လည်း အနည်းငယ်ထွက်ရှိသည်။ ပဲစင်းငုံ(အနီ)အား စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းဒေသကြီးများတွင် စိုက်ပျိုးပြီး ပဲစင်းငုံ (အဖြူ)မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်များတွင် အနည်းငယ်ထွက်ရှိသည်။ ပဲတီစိမ်းစိုက်ပျိုးထွက်ရှိရာ ဒေသများမှာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ဖြစ် ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရသည်။

   ပြည်တွင်းမှ ထွက်ရှိသော ပဲများကို ၂၀ ရာခိုင်နှုန်းသာ ပြည်တွင်း၌ စားသုံးပြီး ၈၀ ရာခိုင်နှုန်း အား ပြည်ပသို့ တင်ပို့လျက်ရှိပြီး မတ်ပဲနှင့် ပဲတီစိမ်းကို အိန္ဒိယနိုင်ငံ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

   အိန္ဒိယနိုင်ငံသည် ပြည်တွင်း ပဲလိုအပ်ချက်များရှိသောကြောင့် ပဲတင်သွင်းမှုကို ဖြေလျော့ပေးခဲ့ ရာ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲနီလေးများကို အကောက်ခွန်ကင်းလွတ်တင်သွင်းခွင့်အား ယခင်က၂၀၂၄ ခုနှစ်၊ မတ်လအထိ ခွင့်ပြုထားခဲ့ပြီး၊ ယခုအခါ ၂၀၂၅ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်ပေးခဲ့ သည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့သူလုပ်ငန်းရှင်များ ဈေးကောင်းရရှိနိုင်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages