သြဂုတ်လကုန်ပတ် မုံရွာပဲဈေးကွက်ငုံနီနဲ့ ကုလားပဲတို့ ဈေးအနည်းငယ်မာလာ

Wed, 09/07/2016 - 07:49 -- admin_ygn

မုံရွာကုန်စည်ဒိုင် သြဂုတ်လကုန်ပတ်  ပဲဈေးကွက်မှာ ငုံနီနဲ့ကုလားပဲမျိုးစုံ ဈေးဟာ လဆန်းပိုင်းက အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ရာမှ လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာငုံနီဈေးအနေနဲ့ ၂၇၅၀၀ ကျပ်၊ ၂၈၅၀၀ ကျပ်၊ ၃၁၅၀၀ကျပ်နဲ့ ၃၂၅၀၀ ကျပ်အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သလို ကုလားပဲ ဈေးကွက်မှာလည်း V၂ တစ်တင်း ၃၆၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်သို့လည်းကောင်း၊ ထိုင်ဝမ်တစ်တင်း ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၄၃၀၀ ကျပ်မှ ၃၆၂၀၀ ကျပ်သို့ အသီးသီးဈေးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်ပါးသလို အဝင်လည်းကျဲနေကာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း (ရှယ်) ၂၅၀၀၀ ကျပ် - ၂၃၀၀၀ ကျပ် နဲ့ (ညံ့) ၂၁၅၀၀ကျပ်၊၂၁၀၀၀ကျပ်အထိအမြင့်ဆုံးရခဲ့တာတွေ့ရပါတယ်။ ဒေသတွင်း လုပ်ငန်းသုံးအဝယ်သာရှိလို့ အိတ် ၁၀၀၊ ၂၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်နိုင်  တယ်လို့ ဆိုပါတယ်။ မတ်ပဲဈေးကွက်အနေနဲ့ ယခုတစ်ပတ်အတွင်း ပေါက်ဈေး မဖွင့်ခဲ့သည့်ရက်များပင်ရှိခဲ့ပြီး တစ်တင်း ကျပ် ၄၀၀၀၀မှ ကျပ် ၄၆၀၀၀ ဝန်းကျင်နဲ့ အနည်းငယ်သာ အရောင်းအဝယ်ဖြစ်တယ်လို့ ကုန်သည်တချို့ထံမှ သိရပါတယ်။အခြားပဲဈေးကွက် မှာ လိုရောင်းလိုဝယ်နဲ့ လက်လီအဝယ်သာရှိခဲ့လို့ ဈေး ဆက်လက်အေးခဲ့ရာ ယခုတစ်ပတ်အတွင်း အမြင့်ဆုံး တစ်တင်းပေါက်ဈေးမှာ ထောပတ်ပဲ ၁၁၅၀၀ကျပ်၊ စွန်တာနီ ၁၄၀၀၀ကျပ်၊ ပဲနီလုံးကြား ၁၆၅၀၀ကျပ်၊ ပဲကြီး ၂၃၅၀၀ ကျပ်၊ ပဲပုပ် ၁၇၅၀၀ ကျပ်၊ ပုဂံပဲ ၁၇၅၀၀ကျပ်နဲ့မြေထောက်ပဲ ၁၈၀၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင် ဈေးကွက်မှလေ့လာသိရှိရပါတယ်။

ထွန်းလှိုင်(မုံရွာ)

Local Trade News

Pages