ဆောင်းနှမ်းသီးနှံများ စတင်ရိတ်သိမ်းလျက်ရှိ

Thu, 02/22/2024 - 04:01 -- mocadmin

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး အဆိုပါသီးနှံ များအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့် နှမ်းသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ ကျောက်ဆည်ခရိုင်တွင် ဆောင်းနှမ်းစိုက်ဧက ၁၀၃၆၂ ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင် ၄၃၈၉ ဧက၊စဉ့်ကိုင်မြို့နယ်တွင် ၉၆၃ ဧက၊ မြစ်သားမြို့နယ်တွင် ၅၀၁၀ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် ဆောင်းနှမ်းသီးနှံ ၉၆၃ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်းအင်းဦးစီးဌာန၏စာရင်းများအရ သိရသည်။

   ဆောင်းနှမ်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့ပြီး ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းမှစတင်၍ ဆောင်းနှမ်းများစတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ဆောင်းနှမ်း စိုက်ပျိုးမှုအတွက်တစ်ဧကလျှင် ၂၆၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး ၈-၉ တင်းခန့်ထွက်ရှိကြောင်း၊ ယခုလက်ရှိ နှမ်းစျေးနှုန်း အနေဖြင့် နှမ်းဖြူ တစ်တင်းလျှင် ၁၃၃,၀၀၀ ကျပ်၊ နှမ်းညို တစ်တင်းလျှင် ၁၀၃,၀၀၀ ကျပ်၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ၈၀,၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ် စသည့်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဆောင်းနှမ်းထွက်ပေါ်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်သောကြောင့် နှမ်းစိုက် တောင်သူများအနေဖြင့် ကျပ် ၈၀၀,၀၀၀ ခန့် အကျိုး အမြတ်ရရှိကြောင်းနှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

Local Trade News

Pages