ဂျပန်ပဲယင်း(နီ)သီးနှံ စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Thu, 03/21/2024 - 03:49 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြပြီး ရွာသစ်ရပ်ကွက်ရှိ တောင်သူများသည် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ပြည်ပဝယ်လိုအားကောင်းပြီး ဈေးကွက်ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ) သီးနှံများကို တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း၊ ရွာသစ်ရပ်ကွက်ရှိ တောင်သူများ သည် ကြက်သွန်နီ၊ မြေပဲ၊ ပဲမျိုးစုံ စသည့်သီးနှံများကို အဓိကထား စိုက်ပျိုးကြပြီး ဂျပန်ပဲယင်း(နီ) သီးနှံကို စိုက်ဧကအနည်းငယ်သာ စိုက်ပျိုးထားရှိကြောင်း၊ စိုက်ပျိုးရာတွင် လွယ်ကူ၍ ကုန်ကျစရိတ်သက်သာသော ဂျပန်ပဲယင်း(နီ) သီးနှံကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးထားရှိကြောင်း သိရသည်။

   ဂျပန်ပဲယင်း(နီ)များကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် ရိတ်သိမ်းလျက်ရှိကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပဲယင်း (နီ) တစ်ဧကလျှင် ကျပ် ၅၀၀,၀၀၀ ခန့် ကုန်ကျ၍ တစ်ဧကလျှင် ၃၅-၄၀ တင်း ထွက်ရှိရာ ယခုနှစ်တွင် ရေမြေရာသီဥတု ကောင်းမွန်ခြင်းကြောင့် တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း ၄၀ ခန့်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒေသပေါက်ဈေးမှာ ပဲယင်း(နီ) တစ်တင်းလျှင် ကျပ် ၆၈,၀၀၀ ဖြင့် ရောင်းချရပြီး ဝင်ငွေအနေဖြင့် ဂျပန်ပဲယင်း(နီ) တစ်ဧကလျှင် ကျပ် ၂,၇၂၀,၀၀၀ ခန့်ရရှိကာ ကျပ် ၂,၂၂၀,၀၀၀ ခန့်အမြတ်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်ပဲယင်း (နီ) စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages