ကျောက်ဆည်ခရိုင်တွင် ဆောင်းနှမ်းသီးနှံများ အောင်မြင်စွာရိတ်သိမ်းပြီးစီး

Tue, 03/19/2024 - 04:49 -- mocadmin

   မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် နှမ်းကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိကြောင်း၊ ဆောင်းနှမ်း စိုက်ပျိုးမှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကျောက်ဆည် မြို့နယ်တွင် ၄၃၈၉ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၉၆၃ ဧက၊ မြစ်သားမြို့နယ်တွင် ၅၀၁၀ ဧက၊ စုစုပေါင်း ၁၀၃၆၂ ဧက စိုက်ပျိုးနိုင်ခဲ့ရာ လက်ရှိအချိန်တွင် ဆောင်းနှမ်းစိုက်ဧကအားလုံး ရိတ်သိမ်း ပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် ဆောင်းနှမ်းတစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ၈-၉ တင်းခန့်ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ‌ဆောင်းနှမ်း စတင်ထွက်ပေါ်ချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ၁၃၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းညိုတစ်တင်းလျှင် ၁၀၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ၈၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃,၀၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ၁၃၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းညို တစ်တင်းလျှင် ၁၀၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင် ၇၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄,၂၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ၇၈၀,၀၀၀ ကျပ်ခန့်ရရှိကြောင်း ဆောင်းနှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)