တောင်ငူမြို့က မုန့်ဟင်းခါးခြောက်ဈေးကွက်

Tue, 03/29/2022 - 09:48 -- admin_ygn

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်မုန့်ဟင်းခါးဖို ၂၀ ခန့်နှင့် မုန့်ဖတ်ခြောက်လုပ်ငန်း လုပ်ကိုင်သူ ကိုးဦးခန့်ရှိကြောင်း သိရသည်။ မုန့်ဟင်းခါးသည် ဒေသအလိုက် ရေမြေနောက်ခံအရ စားသုံးကြသော အစားအစာများတွင် တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ စားသုံးသူ ရေးရာ ဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မတ် ၁၇ ရက် နံနက်ပိုင်းက သရဖူအမှတ်တံဆိပ်မုန့်ဟင်းခါး ခြောက်ထုတ်လုပ်သူ ဦးသိန်းနိုင်မြင့် နှင့် တွေ့ဆုံပြီး မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေမှု အခြေအနေများကို မေးမြန်းခဲ့သည်။မုန့်ဟင်းခါးဖတ် ထုတ်လုပ် ရာတွင်ဆန်လတ်ဆန်များကို အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုရကြောင်း၊ ယခုအချိန်တွင် ဒေသထွက် ဆန်တစ်အိတ်လျှင် ကျပ် ၂၆၅၀ဝ ဝယ်ယူရကြောင်း၊ သရဖူ မုန့်ဖတ် ခြောက်စက်ရုံ တွင် တစ်ရက်လျှင် ဆန်အိတ် ၄၀ ခန့် မုန့်ဖတ် ထုတ်လုပ်နိုင်ကြောင်း၊ လုပ်သား ၂၀ ဦးရှိ ကြောင်းသိရသည်။မုန့်ဟင်းခါးခြောက်ထုတ်လုပ်ရာတွင်ပထမဦးစွာဆန်လတ်များကို တစ်ရက်စာထုတ်လုပ်မှုအတွက် ဆန်အိတ် ၄၀ အား နှစ်နာရီခန့် ရေစိမ်ထားရသည်။ ရေစိမ်ပြီးသော ဆန်များကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ရေဆေးရသည်။ ရေဆေးပြီးဆန်များကို မုန့်ကြိတ်ရ သည်။ထွက်ရှိလာသည့် မုန့်နှစ်များကိုရေစစ်ပြီး မုန့်ဟင်းခါးဖတ်ထွက်လာအောင်ညှစ်ရသည်။ရလာသည့်မုန့်ဖတ်များကိုလျှော်ရသည်။ လျှော်ပြီးသား မုန့်ဖတ်များကို တစ်ရက်နေလှန်းရသည်။ ခြောက်သွေ့လာသော မုန့်ဖတ်ခြောက်များကို ထုပ်ပိုးပြီးသည့်အခါ ဈေးကွက်သို့ပို့ရန် အသင့်ဖြစ်နေသည်။ လုပ်သားခ ငွေရှင်းရာတွင် ကုန်ကြမ်းမှ ကုန်ချောထုပ်ပြီးသည်အထိ ဆန်တစ်အိတ်လျှင် ကျပ်၃၀ဝ၀ နှုန်းပေးရကြောင်း၊ ဆန်လတ်ကြီး တစ်အိတ်လျှင် မုန့်ဖတ်ခြောက် ၂၀ ကျပ်သားထုပ် ၁၁၀ မှ ၁၃၀ အထိရ ကြောင်း၊ ယခင်က မုန့်ဖတ်ခြောက် ၂၀ ကျပ်သားတစ်ထုပ်လျှင် ၂၅၀ ကျပ် ရောင်းရကြောင်း၊ ယခုနှစ်တွင် ပီနန်အိတ်ဈေး၊ ပလတ်စတစ်ဈေး၊ ဆီဈေးများတက်လာကြောင်း၊ မုန့်ဖတ်ခြောက် အဖြစ် မရောက်ခင် စက်ရုံမှ ထွက်ရှိလာသော မုန့်ဖတ်များအား မကပ် အောင် စားသုံးဆီသုတ်ပေးရကြောင်း၊ ကုန်ကြမ်း ၁၀ အိတ်လျှင်စားဆီတစ်ပိဿာ အသုံးပြုရကြောင်း၊ အသုံးပြုရသည့်ကုန်ကြမ်း၊ ဆက်စပ်ပစ္စည်း၊လုပ်သားခ၊ မီတာခပေါ် အခြေခံ၍ တစ်ထုပ်လျှင် ၂၉၀ ကျပ်ရောင်းချကြောင်း၊ မုန့်ဟင်းခါးခြောက်များကို ရန်ကုန်သို့ အဓိကပို့ ကြောင်း၊ မုန့်ဟင်းခါးဖတ်ခြောက် ထုတ်လုပ်ရာတွင် အလေအလွင့်များလည်းရှိကြောင်း၊အလေအလွင့် ဖြစ်သွားသော မုန့်ဖတ်ခြောက်များကို တစ်ပိဿာလျှင်ကျပ် ၄၀ဝ နှုန်းဖြင့် ဝက်မွေးမြူသူများကဝက်စာအဖြစ် ဝယ်ယူကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။လုပ်ငန်းအခက်အခဲအနေဖြင့် လျှပ်စစ်မီးကို အားထား၍လုပ်ငန်း ဆောင်ရွက်ရသဖြင့်လျှပ်စစ်မီးရရှိမှု နည်းပါးသည့်အခါအခက်အခဲရှိကြောင်း၊ ဆန်များရေစိမ်ပြီး မီးလုံးဝမလာသဖြင့် ဆန်ပြန်လည်လှန်းရသည့် ရက်များရှိကြောင်း၊ ဈေးကွက် အမှာရှိ သလောက် မပို့နိုင်သေးကြောင်းလည်း သရဖူမုန့်ဖတ်ခြောက် လုပ်ငန်းရှင်ဦးသိန်းနိုင်မြင့်၏ ပြောပြချက်အရ သိရသည်။    
မြင့်သူ(တောင်ငူ)

Border Trade News

Pages