အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ ရောင်းချသည့်အတွက် အပြည့်အဝ အာမခံချက်ရှိဟုဆို

Tue, 10/22/2019 - 07:51 -- admin_ygn

     လက်ရှိ အစိုးရက  ရန်ကုန်တိုင်းဒေသကြီး အတွင်း အဆင့်သုံးဆင့်ဖြင့်  ရောင်းချသွားမည့် မြေများသည်  အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများအား စိစစ်ပြီးမှသာ ပြန်လည်ရောင်းချခြင်း ဖြစ်သည့်အတွက် နောင်လာမည့် အစိုးရ အဆက်ဆက် အပြည့်အဝအာမခံချက်ရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ  တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။ အောက်တိုဘာ  ၇  ရက်က ရန်ကုန်မြို့တော် ခန်းမ၌ ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ​၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “အခု ရှိနေတဲ့ အစိုးရအဖွဲ့ကနေ စီမံခန့်ခွဲ နိုင်ခွင့်ရှိသောမြေများ  စီမံခန့်ခွဲရေးကော်မတီဆို တာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်း တာဝန်ပေးအပ်ထားခြင်းဖြစ်ပါတယ်။  အဲဒီအဖွဲ့ကနေ မြေကွက်တွေ ရောင်းချနိုင်ရေးအတွက် သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို ဒီနေ့က စပြီး အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ စပြီး ရောင်းချ ပေးနေပါတယ်။ အခုရောင်းလိုက်တဲ့ မြေတွေဟာ အာမခံချက် အပြည့်ရှိသလားဆိုတော့ ကျွန်တော် တို့က အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေကို   စိစစ် ပြီးမှ ပြန်လည်ရောင်းချတာဖြစ်တဲ့အတွက် အပြည့် အဝ အာမခံချက်ရှိပါတယ်”ဟု  ဦးသန်းက ပြော သည်။

       တိုင်းအစိုးရက မြေရောင်းချရာတွင် ပထမ အဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံ လေးမြို့နယ်ရှိ မြေကွက်ပေါင်း ၅၀ဝ ကျော်အား ဝယ်ယူနိုင်ရန် ယခုလ ၇ရက်က စတင်၍ လျှောက်လွှာများ  ဝယ်ယူနိုင်ပြီဖြစ်သည်။ ဒုတိယအဆင့်အနေနှင့်    မြောင်းတကာ စက်မှုဇုန်တွင် စက်မှုမြေကွက် ဖော်ထုတ်ထားသည့် အကွက်ပေါင်း ၁၈၇ ကွက်ကို ရောင်းချမည်ဖြစ် သည်။ တတိယအဆင့်အနေဖြင့် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့တွင်  ယခင်က စံပြစိုက်ပျိုးရေးဇုန်ကြီးများအဖြစ် သတ်မှတ်ခဲ့သည့် ဧက ၉၃၀ဝ ကျော် ရှိပြီး ယင်းဧကများကို ကုမ္ပဏီကြီးများအား ပေး ထားခဲ့ရာ လက်ရှိတွင်  စိုက်ပျိုးရေးဇုန်ကြီးများ အကောင်အထည်ဖော်ရာ၌ လုပ်ငန်း မအောင်မြင် သောကြောင့် လူနေဇုန်များ၊ စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ  ပြန်လည်အကောင်အထည်ဖော် နိုင်ရန်အတွက် ၈၀ ရာခိုင်နှုန်းကို အစိုးရက ပြန်ယူ ၍ ၂၀ ရာခိုင်နှုန်းကို   ကုမ္ပဏီကြီးများကို ပြန်ပေး မည်ဖြစ်ကြောင်း ဦးသန်းက ပြောသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရေး ဆိုင်ရာ ပြန်လည် စိစစ်ရေးကော်မတီက   စိစစ်ထား သည့် အမှုတွဲပေါင်း   သုံးထောင်ကျော်ရှိပြီး   ယင်း တို့အနက် စက်တင်ဘာ ၂၈ ရက်က မူလ လယ် သမားများကို မြေယာလျော်ကြေး ကျပ် ၆ ဒသမ ၉ ဘီလီယံကျော် လျော်ပေးပြီးဖြစ်ကြောင်း သိရသည်။

     ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင်လည်း  ကျပ် ၃၁ ဘီလီယံပေးလျော်ရန်   လျာထားပြီး ထိုသို့ မြေယာလျော်ကြေးပေးရာတွင်    ပြန်လည်ရရှိ နိုင်ရန်အတွက်     ပိုနေသည့် မြေကွက်များကို ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု ဆိုသည်။ “မြေကွက်က လက်ရှိမှာ ၅၀ဝ ကျော်ရှိတယ်။ လျှောက်တာက ၈၀ဝ ကျော် တစ်ထောင်ဖြစ်ကောင်း ဖြစ်ပါမယ်။ မြေကွက်တစ်ကွက်တည်းကိုလည်းပဲ နှစ်ယောက်၊ သုံးယောက်အပြိုင် လျှောက်ထားတာ တွေလည်း ရှိပါလိမ့်မယ်။   သူတို့တင်ပြလာတဲ့ လျှောက်လွှာတွေအပေါ်မှာ  စိစစ်ပါတယ”ဟု ဦးသန်း က ဆက်လက်ပြောကြားသည်။  အချို့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် အတွက် လျှောက်သည့် လျှောက်လွှာတွင်လည်း ၎င်းတို့၏  ငွေကြေးရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဆောင်ရွက်မည့် ပရောဂျက်တို့ကိုကြည့်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ မြေစီမံခန့်ခွဲမှုကော်မတီက စိစစ်ပြီးတော့မှသာ ရောင်းချသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ရွေးချယ်၍ အစိုးရရုံးကို ပြန်တင်ရမည်ဖြစ်ပြီး အစိုးရရုံး၏ အတည်ပြုချက် ဖြင့်သာ ရောင်းချပေးမည်ဖြစ်ကြောင်း  ဦးသန်းက ပြောသည်။ “အဲဒါတွေက ကုမ္ပဏီကြီးတွေကို ယခင် အစိုးရ လက်ထက်ထဲက ဧက ၅၀ဝ တို့ ၃၀ဝ တို့ စိုက်ပျိုးရေးဇုန် အကောင်အထည်ဖော်ဖို့ ပေးထား တာ ရှိပါတယ်။ အဲဒါဟာ  မြို့ပြစီမံကိန်း ဆောင် ရွက်ဖို့ လတ ၃၉ ယခင်အစိုးရသက် တမ်းကတည်းက  ရရှိခဲ့ပြီးသားပါ။   သို့သော် မြို့ပြစီမံကိန်း အကောင်အထည်မဖော်နိုင်မီမှာ စိုက်ပျိုးရေးဇုန် ကြီးတွေလုပ်ဖို့အတွက် လမ်းညွှန်ခဲ့တဲ့အတွက် ကုမ္ပဏီကြီးတွေကို ဇုန်လုပ်ဖို့ ပေးထားပါတယ်”ဟု ဦးသန်းက ပြောသည်။ ယင်းမြေများကို ယခင်ကာလက လျော်ကြေး တစ်စုံတစ်ရာမပေးဘဲ သိမ်းယူထားခဲ့သည့်အတွက် တချို့လယ်သမားများက  ပြန်လည်ရယူလို​သည် ဟူ၍ တောင်းယူခြင်းများရှိကြောင်း သိရသည်။

       “ဒီမြေတွေဟာ မြေကွက်အသစ်တွေ ဖော် ထုတ်ထားတဲ့ မြေကွက်မဟုတ်ပါဘူး။ ယခင်ကာလက မြို့သစ်တွေ ဖော်ထုတ်ခဲ့ပါတယ်။ လေးမြို့နယ်နဲ့ ဒဂုံ၊  လှိုင်သာယာ၊ ရွှေပြည်သာ ဒီလို မြို့သစ်တွေ ဖော်ထုတ်ပြီးတော့ မြို့ပြစီမံကိန်းတွေအဖြစ် သတ် မှတ်ထားသော်လည်း  ယနေ့အချိန်ထိ မြို့ပြ စီမံ ကိန်း၊ လူနေအဆောက်အအုံ  အကောင်အထည် မဖော်နိုင်သေးလို့ ကျန်နေတဲ့  အစိုးရက စီမံခန့်ခွဲ နိုင်သောမြေများ ဖြစ်ပါတယ်။   အဲဒီမြေတွေကို ပြန်လည် ရောင်းချဖို့  စီစဉ်ခြင်းဖြစ်ပါတယ်”ဟု ဦးသန်းက ပြောသည်။ အဆိုပါမြေများကို အမှန်တကယ် စီးပွားရေး လုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန်နှင့် လူနေအဆောက်အအုံအဖြစ်     အသုံးချနိုင်ရန် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို စိစစ်ပြီး ရောင်း ချပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးက ပြောသည်။ “ဒါဟာ ကျွန်တော်တို့လက်ထက်မှာ ရောင်း နိုင်ခွင့်ရှိတုန်း ရောင်းပေးတာ   အမြတ်အတွက် ကြောင့် မဟုတ်ဘူး။ မရသေးတဲ့လူတွေအိမ်ဆောက် ချင်တဲ့သူတွေ သူတို့ဘဝအတွက်ကို  ရည်ရွယ်ပြီး ရောင်းတာ၊ ဒီရောင်းတာဟာ တစ်ဦးတစ်ယောက် တည်းနဲ့ မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်းအနေနဲ့ ရောင်းတဲ့အတွက်ကြောင့် အာမခံချက်ရှိပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ပြောသည်။ အစိုးရက ရရှိသည့် ၈၀ ရာခိုင်နှုန်းသော မြေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၊  စက်မှုဇုန်များ၊ စီးပွားရေးဇုန်များနှင့်   အိမ်ရာစီမံကိန်းဇုန်များ အကောင်အထည်ဖော်နိုင်ရန်အတွက် တတိယ အရစ်အနေဖြင့် ရောင်းချရန်   စီစဉ်နေခြင်းဖြစ် သည်။ 

 

 

ပန်းဆု

Local Trade News

Pages