မြန်မာနိုင်ငံရှိ ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားခြင်းမျိုး လုံးဝမရှိဟုဆို

Fri, 11/15/2019 - 04:59 -- admin_ygn

      မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကိုရီးယားရင်းနှီးမြှုပ်နှံမှုများ အခြားနိုင်ငံသို့ ရွှေ့ပြောင်းသွားခြင်းမျိုး လုံးဝ မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ နိုဝင်ဘာ ၆ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာန(DICA)၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေက လွယ်လွယ်ကူကူနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။   အကြိမ်ကြိမ်  ဆွေးနွေးတိုင်ပင်ပြီးတော့မှ စက်မှုဇုန် ဆိုတာ  ဖော်ဆောင်ရတာဖြစ်ပါတယ်။  ဒါကြောင့်မို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့လည်း   လုပ်ငန်း မစတင် ခင်မှာ လိုအပ်တဲ့အကူအညီတွေပေးတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာလည်း လွယ်ကူချောမွေ့အောင် လုပ် ဆောင် ပေးတယ်။  ဒါကြောင့်   ကိုရီးယားရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့အဆိုပြုချက် တင်ပြထားတာတွေရှိပြီးတော့   လာရောက် စုံစမ်းလျက်ရှိတဲ့ လုပ်ငန်းတွေကဆက်ပြီးတိုးတက်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်တွေ  ပြန်အပ်နှံတာမျိုး၊ ရင်းနှီးမြှုပ်နှံမှု တွေ ရွှေ့ပြောင်းသွားတာမျိုး လုံးဝမရှိဘူးဆိုတာ ပြောလိုပါတယ်ဟု ၎င်းက ပြောသည်။ တောင်ကိုရီးယားကုမ္ပဏီလုပ်ငန်းပေါင်း   ၁၀ဝ  ခန့် မြန်မာနိုင်ငံမှ ထွက်ခွာပြီး  ဘင်္ဂလားဒေ့ရှ်တွင် အခြေချလုပ်ကိုင်ရန် စီစဉ်နေ သည်ဟု ဘင်္ဂလားဒေ့ရှ်စီးပွားရေးဇုန်အာဏာ ပိုင်အဖွဲ့ BEZA က ပြောကြောင်း  ဘင်္ဂလားဒေ့ရှ်မီဒီယာ bdnews 24.com တွင်   နိုဝင်ဘာ ၅ ရက်က ဖော်ပြထားသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မြန်မာနိုင်ငံ ရှိ ကိုရီးယားစီးပွားရေးသံမှူး နှင့် ဆက်သွယ်မေးမြန်းရာတွင်လည်း သံမှူးက ယင်းထွက်ပေါ်ခဲ့သောသတင်းသည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက  ဘင်္ဂလားဒေ့ရှ် ဘက်တွင်  ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောကြားမှု အပေါ် ရာနှုန်းပြည့်မထောက်ခံကြောင်းကို ပြောကြားခဲ့သည် ဟု ဆိုသည်။

        ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်း ကိုရီးယားသံ အမတ်ကြီးနှင့်    ဆက်သွယ်ပြောဆိုပြီးဖြစ်သည့်အတွက် အဆိုပါ သတင်းသည်သတင်းအမှားသာဖြစ်ကြောင်း ၎င်းက ပြောသည်။  ကျွန်တော်တို့ သိသလောက်ကတော့ KIC  ကုမ္ပဏီက ၂၀၁၆ ခုနှစ်က  စတည်ထောင်ထားတဲ့  ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက မြေဦးပြီး တော့မှ မြေကိုပြန်ရောင်းစားတဲ့ကုမ္ပဏီမျိုး တွေ့ရှိရပါတယ်။ စွပ်စွဲတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လေ့လာတွေ့ရှိချက်အရ ဒီလိုမျိုး သုံးသပ်ရပါတယ်။ ဒါကြောင့် ဒီ KIC  ကုမ္ပဏီရဲ့ ပြောကြားချက်တွေက တရားမဝင်ဘူးဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အစိုးရပိုင်းက   ပြန်လည်ပြော ကြားလိုပါတယ်}}ဟု ဦးသန့်စင်လွင်က ပြောသည်။ထိုသတင်းကို   ဖြေကြားခဲ့သည့်   Korea  Industrial Complex Co Ltd (KIC) ကုမ္ပဏီသည်    ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ညွှန်ကြားမှုဦးစီးဌာနသို့   ရင်းနှီးမြှုပ်နှံမှုအတွက် လာရောက်စုံစမ်းခဲ့မှုရှိသော်လည်း လုပ်ငန်းလုပ်ကိုင်ရန် ကြိုး စားခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။ လက်ရှိ ကမ္ဘာ့ဘဏ်၏သုံးသပ်မှုများ ကောင်းမွန်လာသည့်အချိန်မျိုးတွင်  ယင်းကဲ့သို့ သတင်းမျိုး  ပေါ်ထွက်လာခြင်းမှာ ဝါဒဖြန့်ခြင်းမျိုးဖြစ်သည့်အပြင်  နိုင်ငံရေးအရလည်းပါဝင်သည်ဟု ယူဆကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။ကိုရီးယားနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံတွင်  လက်ရှိ၌ စီမံကိန်း ၁၇၉ ခု ရင်းနှီးမြှုပ်နှံထားပြီး  ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်ရှိကြောင်း  သိရ သည်။ယင်း ပမာဏသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ထားသည့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏  ၄ ဒသမ ၈၆ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။ထို့ပြင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံရာတွင်လည်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်  ၁၀ ခု  ရင်းနှီးမြှုပ်နှံထားရာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ပထမနေရာတွင်ရှိပြီး  ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ဒုတိယနေရာတွင် ရှိကြောင်း သိရသည်။ 

 

ပန်ဆု

Local Trade News

Pages