မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကုန်သွယ်မှု လျာထားချက်ပြည့်မီကျော်လွန်

Thu, 01/16/2020 - 07:52 -- admin_ygn

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏  ၅၀ ရာခိုင်နှုန်းကျော်နှင့် နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်လျက်ရှိသော  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် အနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၏ အောက်တိုဘာလ ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်  သုံးလဆက်တိုက် ကုန်သွယ်မှု လျာထား ချက်များ ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံးလဖြစ်သော ဒီဇင်ဘာလ တွင် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၅၃ ဒသမ ၉၆ ရာခိုင်နှုန်း ဆောင်ရွက်ကာ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကို ကြိုဆိုလိုက်နိုင် ခဲ့သည်။ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ယခင်ဘဏ္ဍာနှစ် ကာလတူ ဖြစ်သည့် ၂၀၁၈ ခုနှစ်  ဒီဇင်ဘာလနှင့် အနီးစပ်ဆုံးကာလဖြစ်သည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလထက်လည်း ပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရှိရသည်။

 

မူဆယ်နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလျက်ရှိရာတွင် ယခုအခါ တရုတ်နိုင်ငံ၏ ပြောင်းလဲလာ သော မူဝါဒများ (အထူးသဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ အပေါ် အပင်ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး စည်းကမ်း သတ် မှတ်ချက်များ)နှင့် တင်းကျပ်သည့်တားဆီးပိတ်ပင်မှုများ ကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း  ပို့ကုန်တစ်မယ်ချင်း ဆောင်ရွက်ရာတွင် ယခင်နှစ်ကာလတူဖြစ်တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလထက် ဆန် တင်ပို့မှုတွင် တန်ချိန် သုံးသောင်းကျော် (တန်ဖိုးကန်ဒေါ်လာ ၂၁ သန်းကျော်)၊ သကြားတင်ပို့မှုတွင် တန်ချိန် သုံးသောင်း ကျော် (တန်ဖိုး ကန်ဒေါ်လာ ၁၉ သန်းကျော်) ၊ ပြောင်းအနေ ဖြင့် တန်ချိန် ခုနစ်သောင်းကျော် (တန်ဖိုး ကန်ဒေါ်လာ၁၅သန်း ကျော်)၊  ရော်ဘာအနေဖြင့် တန်ချိန် ၉၀ဝ၀ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၁၁ သန်းကျော်)အပြင်  နွား(အရှင်)အနေဖြင့် အကောင် ၄၈၀ဝ၀ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၅၇ သန်း ကျော်)၊ ကျွဲ(အရှင်)အနေဖြင့် အကောင် ၅၇၀ဝ ကျော် (တန်ဖိုး ကန်ဒေါ်လာ ၇ သန်းကျော်) အသီးသီးလျော့နည်း ကျဆင်းခဲ့ သော်လည်း ယခုနှစ် ဒီဇင်ဘာလတွင် သဘာဝဓာတ်ငွေ့တင်ပို့ မှု၌ (ကန်ဒေါ်လာ ၂၀၆ ဒသမ ၈၈ သန်းကျော်)၊ ကျောက်စိမ်း ရိုင်း(ကန်ဒေါ်လာ ၈၅ သန်း ကျော်) ၊ နှမ်းတင်ပို့မှုမှာ  တန်ဖိုး ကန်ဒေါ်လာ  ၆ ဒသမ ၈ သန်းကျော် ၊ ရေထွက်ကုန်ပစ္စည်း တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော် ၊ ဖရဲ ၊ သခွားတို့မှာ (တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းကျော်) ပိုမိုတင်ပို့နိုင် သကဲ့သို့ ကုန်သွယ်မှုလျာထားချက်များ ပြည့်မီကျော်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

၂၀၁၉ ခုနှစ်  ဒီဇင်ဘာ ၉ ရက်ကနေ ၁၂ ရက်ထိ တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့မှာ ကျင်းပတဲ့ (၁၈) ကြိမ်မြောက် တရုတ်-မြန်မာကုန်စည်ပြပွဲနဲ့ (၁၄) ကြိမ်မြောက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်း အဝေးမှာ မြန်မာဘက်က  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့အပါအဝင် သက်ဆိုင်ရာဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊  မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်မှု ကုန်သည်အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ပြီး လက်ရှိ မူဆယ်နယ်စပ်ပို့ကုန် ဆောင်ရွက်ရာမှာ အကျပ် အတည်းဖြစ်နေသည့် အဓိကပို့ကုန်အမယ်တွေဖြစ်သော ဆန်၊ ပြောင်း၊ ရော်ဘာတွေ Quota တိုးမြှင့်တင်ပို့နိုင်ရေး ကျွဲ၊ နွား (အရှင်)တွေ တရားဝင်တင်ပို့ခွင့်ရရှိရန် နှစ်နိုင်ငံ MOU အမြန် လက်မှတ်ရေးထိုးနိုင်ရေး ၊ သစ်သီးအမယ်တွေ တိုးမြှင့်တင်ပို့ ခွင့်ရရှိရေးနှင့် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အမြန်အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဖက်စလုံးမှ ဆွေးနွေးညှိနှိုင်းဆောင် ရွက်ခဲ့ကြသည်။ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့်  ၂၀၁၉ ခုနှစ် အကျပ်အတည်းကာလ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလကနေ  ဒီဇင်ဘာလအထိ ကာလများတွင် ကုန်သွယ်မှုလျာထားချက်တွေ ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးကာလ ကနေ ရှေ့ဆက်ပြီးလည်း “စုပေါင်းညီညာအောင်ကြောင်းဖြာ” ဆိုသလို တွေ့ကြုံရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုများအ ပေါ် အပြန်အလှန်ဆွေးနွေးညှိနှိုင်းဖြေရှင်း ပူးပေါင်းကြိုးစားဆောင်ရွက်မှုများနှင့်အတူ ငြိမ်းချမ်းမှုများဖော်ဆောင်ကာ ခေတ်သစ်ပိုးလမ်းမကြီးနှင့်ပါ ချိတ်ဆက်၍ နိုင်ငံတကာနှင့်ကုန်သွယ်နိုင်မည့်အဆင့်အထိပါ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည် မှန်း ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

 

ကျော်သူဝင်း(မာတာ)

Border Trade News

Pages