ပြည်ပသို့ တင်ပို့နေသည့် ချဉ်ပေါင်ဖာလာအကြောင်း တစေ့တစောင်း

Thu, 01/16/2020 - 07:45 -- admin_ygn

ချဉ်ပေါင်ဖာလာဆိုသည်မှာ ချဉ်ပေါင်ပင်မှ အသီး လည်း  မဟုတ်သလို ကွမ်းယာထဲထည့်စားသည့် အိန္ဒိယနိုင်ငံ မှလာသော   ဖာလာစေ့လည်းမဟုတ်ဘဲ   တောင်ငူခရိုင် သံတောင်၊  လိပ်သို၊  ဘောဂလိနှင့် ကရင်ပြည်နယ်၊ ကယား ပြည်နယ်နှင့်ဆက်စပ်ဒေသမြို့ဖြစ်သော  လွိုင်ကော်တို့တွင် တောတွင်းအလေ့ကျ ပေါက်ပင်မှ ထွက်ရှိသော   အပင်၏ အသီးတစ်မျိုးဖြစ်ပြီး ကွမ်းစားဖာလာစေ့ထက် အရွယ်အနည်း ငယ်ကြီးသော အခွံပျော့အသီးဖြစ်ကာ  အသီးအတွင်းတွင် ကွမ်းစားဖာလာစေ့ကဲ့သို့    အစေ့အမည်း ကလေးများပါသော အသီးဖြစ်သည်။  အင်္ဂလိပ်အခေါ်အမည်အနေဖြင့် Roselly Cardamon ဖြစ်ပြီး ရုက္ခဗေဒအမည်အနေဖြင့် Amomi Semen ဖြစ်သည်။ ချဉ်ပေါင်ဖာလာအသီးအတွင်း  သုံးမြှောင့်ပုံလွှာဖြင့် ပါရှိသောအစေ့အမည်းကလေးများသည်  အသီးအတွင်းတွင် အစေ့ကလေးပေါင်း ၅၀ မှ ၆၀ခန့်အထိပါရှိပြီး  ဖာလာစေ့ အမည်း ကလေးများအား  ကိုက်ဝါးကြည့်ပါ ကွမ်းစားဖာလာ စေ့ကဲ့သို့ အရသာရှိသည့်အပြင်  ပူရှိန်းသော အရသာ ပိုမိုပါ ရှိကြောင်း နှင့် ဖာလာစေ့အဆန်အနက်ထက်    အနီအစေ့အဆန်သည်  အရသာပူရှိန်းအာနိသင်ပိုမို ပြင်းပြသည့် အတွက် ဈေးကောင်းပိုမိုရရှိကြောင်း သိရှိရသည်။ ချဉ်ပေါင်ဖာလာစေ့ကို  တစ်ဖက်နိုင်ငံတွင် ဟင်းခတ် အမွှေးအကြိုင်နှင့် ပရဆေးဖော်စပ်ရာတွင်   တွင် ကျယ်စွာ အသုံးပြုကြောင်း စုံစမ်းသိရှိရပြီး မိမိပြည်တွင်းသုံးစွဲမှုအနေဖြင့် မရှိသလောက်   နည်းပါးသော် လည်း ထွက်ရှိရာဒေသတွင် အမှုန့်ကြိတ်ပြီး ကြက်သား၊ ဝက်သားနှင့် အခြားအသားဟင်းများ ပေါင်း သည့် အခါ ဟင်းခတ်မှုန့်အဖြစ် ထည့်သွင်းအသုံးပြု ကြောင်းနှင့် အမှုန့်၏ပူရှိန်းအရသာသည် ကိုယ်တွင်း အပူဓာတ် မှ အားအင်ဓာတ်အကျိုးအာနိသင်ရရှိကြောင်း သိရှိရသည်။

 

အဆိုပါ ဖာလာသီးလေးများသည်  အစိမ်းရောင်ရှိပြီး ကြက်မောက်သီးအလုံးငယ် အရွယ်အစားခန့်ရှိ၍ အပြွတ်လိုက် အသီးသီးလေ့ရှိကာ တစ်ပတ်လျှင်ရှစ်လုံးမှ ၁၀ လုံးခန့် ပါရှိ၍ အသီးလေးများ နှစ်လခန့် အကြာ ရင့်မှည့်လာသည့်အခါ ခူးဆွတ်လေ့ရှိပြီး မီးကင်နေလှန်း ခြောက်သွေ့သည့်အခါ မိုး အကုန် ဆောင်းအကူး အောက်တိုဘာလတွင် စတင်ရောင်းချ ပါသည်။ ဥယျာဉ်ခြံဖြင့်  စနစ်တကျ  စိုက်ပျိုးမှုတွင် တစ်ဧက လျှင် ပင်ခြားတန်းခြား  ခြောက်လက်မမှရှစ် လက်မခန့်အကွာ အဝေးစိုက်ပျိုးသည့်အတွက် တစ်ဧကလျှင် အပင် အရေအတွက်  နှစ်သိန်းမှ သုံးသိန်းခန့်အထိ ဝင်ဆန့်ပြီး ထွက်ရှိမှု အနေဖြင့် တစ်ဧကလျှင် ပိဿာ ၄၀ဝ မှ ၅၀ဝ ခန့်အထိ ထွက် ရှိပြီး ရာသီဥတုကောင်း သည့်နှစ်တွင် ပိဿာ ၇၀ဝ ခန့် အထိ ထွက်ရှိကြောင်း သိရှိရသည်။  ယခုနှစ်တွင် အဓိကထွက်ရှိရာ တောင်ငူခရိုင်ဒေသတွင် အပူချိန်များ၍ ယခင်နှစ် ထွက်ရှိမှု ထက် ၃၀ ရာခိုင်နှုန်းလျော့နည်းထွက်ရှိကြောင်း ဒေသခံစိုက် ပျိုးသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ ချဉ်ပေါင်ဖာလာသည် တောင်ငူခရိုင်နှင့် ကယားပြည် နယ်၊ ကရင်ပြည်နယ်အစပ်  အရပ်ဒေသတို့တွင်  ယခင်က တောတွင်းအလေ့ကျ  ပေါက်ပင်ဖြစ်ပြီး ၎င်းမှဝင်ငွေရရှိလာ သည့်အခါ သစ်တောပြင်ပ  ဥယျာဉ်ခြံမြေ စိုက်ခင်းများတွင် စနစ်တကျစိုက်ပျိုးလာသည့် ဥယျာဉ်ခြံမြေထွက် အပင်တစ်မျိုး ဖြစ်လာသည့်အတွက် သစ်တောဦးစီးဌာနမှလည်း သစ်တော ထွက် ပစ္စည်းအပေါ်  သစ်တောအခွန်အဖြစ် တစ်ပိဿာလျှင် ၁၂၅ ကျပ်နှုန်း အခွန်ပေးဆောင်စေပြီး သစ်တောမျှောစာဖြင့် သယ်ဆောင်ရာမှ ၂၀၁၈ခုနှစ်    နှစ်လယ်ခန့်မှစတင်၍ သစ်တောအခွန်ပေးဆောင်စရာမလိုဘဲ ဖြေလျော့ပေးခဲ့သည့် အတွက် မျှောစာနှင့်အတူ သယ်ဆောင်စရာမလိုတော့သဖြင့်  ယခုအခါ(၁၆)မိုင် စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာ ကုမ္ပဏီအမည်ဖြင့် စုပုံတင်ပို့ကုန် အမယ်အဖြစ် ကြေညာစာရင်းသွင်း ပြီး မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ အလွယ်တကူ သယ်ဆောင်လာရသည့်အတွက် ယခင်ထက် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်လာနိုင်ကြောင်း သိရှိရသည်။ တောင်ငူခရိုင်ဒေသမှ အများဆုံးထွက်ရှိသော ချဉ်ပေါင်ဖာလာအား တောင်ငူနှင့်မန္တလေးမြို့တို့တွင် အဓိက ဝယ်ယူစုဆောင်းပြီး ၎င်းမှတစ်ဆင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းအတိုင်း  မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်သို့ရောက်ရှိပြီး   ပို့ကုန်လိုင်စင်လျှောက်ထားရန် မလိုဘဲ အကောက်ခွန်ဦးစီးဌာန (OSS) တွင် ဖာလာစေ့အခွံပါ (အခြောက်) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၅၀၊ အခွံ မပါလျှင် တစ်တန် အမေရိကန်ဒေါ်လာ ၅၀၅၀ တို့ဖြင့် အမျိုး အစားအလိုက် နှစ်ရာခိုင်နှုန်း အခွန်ပေးဆောင်ပြီး တစ်ဖက် နိုင်ငံသို့ အလွယ်တကူတင်ပို့လျက်ရှိသည်။

 

တစ်ဖက်နိုင်ငံ ရွှေလီကျယ်ဂေါင်၏ လက်ရှိ ဝယ်ဈေးမှာ ချဉ်ပေါင်ဖာလာအခွံပါ တစ်ပိဿာလျှင် ကျပ် ၁၂၅၀ဝ၊ အခွံ မပါတစ်ပိဿာ ကျပ် ၂၂၅၀ဝပေါက်ဈေးရှိပြီး ပေါ်ဦးပေါ်ဖျား အစိုဓာတ် အနည်းငယ် ကျန်နေသေးသည့်အတွက် ယခင်နှစ် ထက်ဈေးအနည်းငယ်လျော့နည်းသော်လည်း ဝယ်ယူမှုပိုမိုပြီး ဖာလာစေ့အဆန်နီဖြစ်ပါက ပိုမိုဈေးရရှိကြောင်း သိရှိရသည်။ အဓိက ဝယ်ယူစုဆောင်းနေရာဖြစ်သော တောင်ငူမြို့အဝယ် ဒိုင်မှ စိုက်ပျိုးသူ ခြံရှင်များထံမှ ဝယ်ယူမှုအနေဖြင့် မူဆယ်-ရွှေလီပေါက်ဈေးထက် တစ်ပိဿာလျှင် ကျပ် ၂၀ဝ မှ ၃၀ဝ အထိသာ ဈေးအနည်းငယ်ကွာဟဝယ်ယူလေ့ရှိသည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့်  ဈေးနှိမ်ခံ မရောင်းရကြောင်း သိရှိရသည်။ ချဉ်ပေါင်ဖာလာစေ့အား  ပြည်ပသို့တင် ပို့ရာတွင် နယ် စပ်တင်ပို့မှုသာမက  ပင်လယ်ရေကြောင်းမှ တောင်ကိုရီး ယားနိုင်ငံသို့လည်း   နှစ်စဉ် ပိဿာချိန်နှစ်သိန်း ဝန်းကျင်ခန့် တင်ပို့မှုရှိပြီး နယ်စပ်ဈေးထက် ပိုမိုဈေးကောင်း ရရှိကြောင်း တောင်ငူဝယ်လက်ဒိုင်မှ စုံစမ်းသိရှိရသည်။ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံ ရွှေလီသို့ ချဉ်ပေါင်ဖာလာစေ့ (အခွံပါ/မပါ) နှစ်အလိုက် တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၂၃၅၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၉၆ သန်း၊ ၂၀၁၈ ခုနှစ် (Mini budget) တွင်  ၆၉၄တန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁  ဒသမ ၉၇၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၃၉၀၃ တန် တန်ဖိုးအမေရိကန်ဒေါ်လာ  ၁၀ ဒသမ ၃၀၇ သန်းဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်    ပိုမိုတိုးမြှင့်တင်ပို့လာနိုင်ပြီး ဈေးကွက်အကြိုက်သည် အခွံပါဝယ်ယူမှုထက် အခွံမပါအစေ့ ဆန်အား ပိုမိုဝယ်ယူလာကြောင်း တွေ့ရှိရသည်။  ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အစ  အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ ချဉ်ပေါင်ဖာလာ အခွံပါ/ အခွံမပါ တင် ပို့နိုင်မှုအနေဖြင့် တန်ချိန် ၁၀၆၁ တန် တန်ဖိုးအမေရိကန် ဒေါ်လာ ၂ ဒသမ ၆၅၉ ဒေါ်လာသန်းဖြစ်၍ ယခင်ဘဏ္ဍာနှစ် ၂၀၁၈-၂၀၁၉ ကာလတူနှင့်နှိုင်းယှဉ်ကြည့်ပါက တန်ချိန် ၁၄၂ တန် တန်ဖိုး သုည ဒသမ ၅၉၄ သန်း  ပိုမိုတင်ပို့နိုင်ကြောင်း တွေ့ရှိရသည်။  ချဉ်ပေါင်ဖာလာပင်သည် မြန်မာနိုင်ငံအတွင်း  တော တောင်ရေမြေဒေသမျိုးရှိသော သစ်တောတိုင်းတွင် ပေါက် ရောက်မှုမရှိဘဲ  ကရင်ပြည်နယ်အတွင်းမှ တောင်ပေါ်ဒေသဖြစ်သော တောင်ငူခရိုင် သံတောင်၊ လိပ်သို၊ယာသို၊ ဘောဂလိ ဒေသတို့သာလျှင် အများဆုံးထွက်ရှိခြင်းသည် ကျောက်စိမ်း၊ ပယင်းထွက်ရှိသော ကချင်ပြည်နယ် ဖားကန့်၊ တနိုင်းကဲ့သို့ ကရင်ပြည်နယ်တွင်လည်း  မြန်မာနိုင်ငံပထဝီမြေကြီးမှ သဘာဝ သယံဇာတ လက်ဆောင်သီးသန့်အမွေအဖြစ် ပေးထားသော သီးနှံအမယ်တစ်မျိုးဖြစ်ကြောင်း စိတ်ဝင်စားဖွယ် လေ့လာသိရှိရသည်။ ချဉ်ပေါင်ဖာလာအား မြန်မာပြည်တွင်းတွင် တွင်ကျယ်စွာ စားသုံးမှု၊ အသုံးပြုမှုနည်းသော်လည်း တရုတ်နိုင်ငံတွင် ဟင်းခတ်မဆလာမှုန့်အဖြစ် စားသုံးပြီး တရုတ် တိုင်းရင်းဆေးဖော်စပ်ရာတွင် တွင်ကျယ်စွာအသုံးပြုမှုရှိသည့်အတွက် တောတွင်းအလေ့ကျ ပေါက်ပင် ဓလေ့စနစ် အခြေအနေမှ  ယနေ့အချိန်တွင် ကိုယ်ပိုင်ဥယျာဉ်ခြံများဖြင့်  ဝင်ငွေရလမ်းတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံများ သို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်တို့မှ ပို့ကုန်ကဏ္ဍတစ်ရပ်အဖြစ် တင်ပို့နေသည်မှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန် သုံးဆတိုးမြှင့်တင်ပို့ ဆောင်ရွက်နိုင်ရေးရည်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရာ ပြည် တွင်း စိုက်ပျိုးရေးထုတ်ကုန် ပို့ကုန်အမယ်တစ်မျိုးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

 

မိုင်းယုသား

Border Trade News

Pages