လျှပ်စစ်ကား တိုးမြင့်အသုံးပြုနိုင်ရေး အရှေ့တောင်အာရှနိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများ

Fri, 11/10/2023 - 03:59 -- wtodep

အရှေ့တောင်အာရှနိုင်ငံများသည် လျှပ်စစ်ကား ဝယ်လိုအားနှင့်ထုတ်လုပ်ရေးတိုးမြင့်ရန် ယှဉ်ပြိုင်လျက်ရှိရာ မည်သည့်နိုင်ငံက ဦးဆောင်နေသည်ကို ခန့်မှန်းရန် ခက်ခဲလျက်ရှိပါသည်။

သယ်ယူပို့ဆောင်မှုများကြောင့် ဒေသတွင်း လေထုညစ်ညမ်းမှု၏ ၈၉%မှာ မော်တော်ယာဉ်များမှ ဖြစ်ရာ လျှပ်စစ်ကားများ ပိုမိုသုံးစွဲပါက ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်မည်သာမက အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေးနှင့်နည်းပညာ တိုးတက်မှုတို့အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ စတင်ရန် နည်းလမ်းလည်းဖြစ်ပါသည်။

အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အရှေ့တောင်အာရှ လျှပ်စစ်ကား ကဏ္ဍတွင် ဦးဆောင်နေကြသော်လည်း ဈေးကွက်ထိုးဖောက်နိုင်ရေးမှာ အားနည်းဆဲဖြစ်ပါသည်။ ၂၀၂၂ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ကား ရောင်းချရမှုသည်မော်တော်ယာဉ် ရောင်းချရမှု စုစုပေါင်း၏ ၂.၁ % ဖြစ်ပြီး အိန္ဒိယတွင် ၂.၃% နှင့် တရုတ်နိုင်ငံတွင် ၂၉ % ရှိပါသည်။ ယင်းသို့ အရှေ့တောင်အာရှတွင် လျှပ်စစ်ကားသုံးစွဲမှု မတွင်ကျယ်ခြင်းမှာ အားသွင်းရန်နေရာ နည်းပါးခြင်း၊ လျှပ်စစ်ကား သွင်းကုန် တန်ဖိုးကြီးမားခြင်းတို့ကြောင့်ဟုဆိုနိုင်ပါသည်။

လျှပ်စစ်ကားသုံးစွဲသူများအတွက် ကုန်ကျစရိတ်လျှော့ချနိုင်ရန် နိုင်ငံတိုင်းက အထောက်အပံ့များနှင့် အခွန်ကင်းလွတ်ခွင့်များ ဆောင်ရွက်နေကြသော်လည်း လျှပ်စစ်ကားနှင့်အစိတ်အပိုင်းများကို ပြည်တွင်း၌ ထုတ်လုပ်ပါက အဆိုပါလုပ်ငန်း လျှင်မြန်စွာ တိုးတက်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားနိုင်ငံသည် မော်တော်ဆိုင်ကယ်များကို လျှပ်စစ်မော်တော် ဆိုင်ကယ်များအဖြစ် ပြောင်းလဲမည်ဆိုပါက ကုန်ကျစရိတ်များကို ထောက်ပံ့ပေးခြင်း၊အားသွင်းနေရာများ ပိုမိုထားရှိပေးခြင်း၊ ပြည်တွင်းမော်တော်ယာဉ် တပ်ဆင်သူများအား ပိုမိုချိုသာသောဈေးနှုန်းများဖြင့် ဆောင်ရွက်ရန် အားပေးခြင်းတို့ကို ပြုလုပ်လျက် ရှိပါသည်။

လျှပ်စစ်ကားထုတ်လုပ်မှုဖြစ်စဉ်တွင် သတ္တုတွင်းထွက်များအား သန့်စင်ထုတ်လုပ်ခြင်း၊ ဘက်ထရီထုတ်လုပ်ခြင်း၊ ဘက်ထရီလဲလှယ်ခြင်း၊ တစ်စိတ်တစ်ပိုင်း လျှပ်ကူးပစ္စည်းများ ထုတ်လုပ်ခြင်း၊ ကားတပ်ဆင်ခြင်း၊ ဘက်ထရီပြန်လည် အသုံးပြုခြင်းတို့သည် သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများနှင့်အတူ ပါဝင်ပါသည်။

ဘက်ထရီသည်လျှပ်စစ်ကား၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့် အချို့နိုင်ငံများက လျှပ်စစ်ကား ဘက်ထရီလုပ်ငန်းကို တိုက်ရိုက်စတင် ဆောင်ရွက်ကြပါသည်။ အင်ဒိုနီးရှားနိုင်ငံ တွင်တင်ပို့ရန် တားမြစ်ထားသော နီကယ်သတ္တု အမြောက်အများရှိသောကြောင့် လစ်သီယမ်အိုင်းယွန်း ဘက်ထရီများကို ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။ ထုတ်လုပ်သူ အချို့ကလည်း မလေးရှား၊ ဗီယက်နမ်တို့၌ ၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် အရေးပါသော သတ္တုတွင်းထွက်များကို ရှာဖွေနေကြပါသည်။

ယခုအခါ လျှပ်စစ်ကား ဘက်ထရီကိုနီကယ်သတ္တုထက် ဈေးနှုန်းချိုသာပေါများပြီး ထိရောက်သောတွင်းထွက်ဒြပ်ပေါင်းများမှ ထုတ်လုပ်ရန်နည်းလမ်းအသစ်များဖြင့် ဆောင်ရွက်နေပြီဖြစ် ပါသည်။အားသွင်းရန်နေရာနှင့် အချိန်အခက်အခဲတို့အတွက် ဘက်ထရီလဲလှယ်ခြင်းကလည်း ဖြေရှင်းနည်းတစ်ခုဖြစ်သောကြောင့် အင်ဒိုနီးရှားမှ Swap Energy ၊ မလေးရှားမှ Blueshark Ecosystem ၊ ထိုင်းမှSwap and Go နှင့် ဗီယက်နမ်မှSelex Motor ကုမ္ပဏီများတွင် အဆိုပါ နည်းလမ်းကို အသုံးပြုနေပြီဖြစ်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအတွင်း လျှပ်စစ်ကားတိုးမြင့် အသုံးပြုနိုင်ရေး ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလအထိ နည်းပညာယှဉ်ပြိုင်နိုင်မှု အခြေအနေများကိုအောက်ပါအတိုင်းတွေ့ ရှိရပါသည်-

             နည်းပညာ                     အင်ဒိုနီးရှား                    မလေးရှား                     ထိုင်း                    ဗီယက်နမ်

  •    သတ္တုတွင်းထွက်                ထုတ်လုပ်လျက်                 ထုတ်လုပ်ရန်                အစီအမံများ              ထုတ်လုပ်ရန်

       သယံဇာတရရှိမှု                  ရှိပါသည်။                        စီမံထားပါသည်။             မရှိပါ။                      စီမံထားပါသည်။

 

  • ဘက်ထရီထုတ်လုပ်မှု            ထုတ်လုပ်လျက်                ထုတ်လုပ်လျက်            ထုတ်လုပ်လျက်          ထုတ်လုပ်လျက်

                                                 ရှိပါသည်။                      ရှိပါသည်။                     ရှိပါသည်။                  ရှိပါသည်။ 

 

  • ဘက်ထရီလဲလှယ်မှု                 - ။ -                                  - ။ -                          - ။ -                           - ။ -

 

 

  • တစ်စိတ်တစ်ပိုင်း                အစီအမံများ                           - ။ -                         - ။ -                         အစီအမံများ

   လျှပ်ကူးပစ္စည်းများ                  မရှိပါ။                                                                                                 မရှိပါ

 

  • လျှပ်ကူးဆိုင်ကယ်             ထုတ်လုပ်လျက်                        - ။ -                         - ။ -                    ထုတ်လုပ်လျက်  

    ထုတ်လုပ်နိုင်မှု                    ရှိပါသည်။                                                                                         ရှိပါသည်။

 

  • PHEVs/ BEVs                   ထုတ်လုပ်လျက်                   ထုတ်လုပ်လျက်            ထုတ်လုပ်လျက်       ထုတ်လုပ်လျက်  

                                           ရှိပါသည်။                             ရှိပါသည်။                  ရှိပါသည်။                ရှိပါသည်။

 

  • ဘက်ထရီပြန်လည်           အစီအမံများ မရှိပါ                   စီမံထားပါသည်။            စီမံထားပါသည်။        စီမံထားပါသည်။

   သန့်စင်အသုံးပြုခြင်း                                        

 

  • သုတေသန                      အစီအမံများ မရှိပါ                   စီမံထားပါသည်။            စီမံထားပါသည်။        စီမံထားပါသည်။

 

PHEVs : Plug-in hybrid electric vehicles

BEVs   : Battery Electric Vehicles

ဂျာမနီနိုင်ငံ Infineon Technology ကုမ္ပဏီသည် လျှပ်စစ်ကားဘက်ထရီအတွက် လိုအပ်သော တစ်စိတ်တစ်ပိုင်း လျှပ်ကူးပစ္စည်းများကို မလေးရှားနှင့်ထိုင်းတို့တွင် စက်ရုံများထူထောင်၍ ထုတ်လုပ်နေပါသည်။ လျှပ်စစ်စက်ဘီးကိုအင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် ၄ နိုင်ငံ လုံးတွင် တပ်ဆင်ထုတ်လုပ်နေပြီး အင်ဒိုနီးရှားတွင် ဟွန်ဒိုင်း၊ မလေးရှားတွင် ဗော်လဗို၊ ထိုင်းတွင် မာစီဒီးတို့က Hybrid ကားများ တပ်ဆင်ထုတ်လုပ်နေပါသည်။ ဗီယက်နမ်သည် ပြည်တွင်းထုတ်လုပ်သူ Vinfast ဖြင့် ဘက်ထရီကားကို အရှေ့တောင်အာရှတွင် ပထမဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပါသည်။

လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရာတွင် ပြန်လည်သန့်စင်အသုံးပြုနိုင်သည့် ဘက်ထရီအသုံး ပြုခြင်းဖြင့် ဘက်ထရီတွင်ပါဝင်သော ရှားပါးသတ္တုရင်းမြစ်များအား ထုတ်ဖော်သုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် အကျိုးသက်ရောက်မှုများအားလျှော့ချရန် ကူညီပေးပါသည်။ သို့သော် အရှေ့တောင်အာရှတွင် လျှပ်စစ်ကားဘက်ထရီများကိုစွန့်ပစ်ရန်မလိုသေးသောကြောင့် ပြန်လည် အသုံးပြုခြင်းကို ကျွမ်းကျင်ခြင်းမရှိသေးပါ။ သို့သော်မလေးရှား၊ ဗီယက်နမ်နှင့်ထိုင်း တို့တွင်အခြားမိတ်ဖက် ကုမ္ပဏီများနှင့်ပူးပေါင်း၍ ပြန်လည်အသုံးပြုနိုင်ရေး စက်ရုံများ(recycle factory) တည်ထောင်ရန် စီစဉ်နေပါသည်။

အရှေ့တောင်အာရှ၏ လျှပ်စစ်ကားလုပ်ငန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ နည်းပညာရယူ ထုတ်လုပ်သည့်အတွက် လျှပ်စစ်ကားနှင့်ပတ်သက်သော သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်း ကလည်း အစပျိုးကာစဖြစ်နေပါသည်။ ဗီယက်နမ်၏ Vinfastကုမ္ပဏီသည် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းကို မဲလ်ဘုန်း၌ ဆောင်ရွက်ပြီးကိုဗစ် ၁၉ ကာလအတွင်းကပိတ်ခဲ့ရပါသည်။ သို့သော် Vinfast ၏ မိခင်ကုမ္ပဏီဖြစ်သောVingroup က ဘက်ထရီအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းဆောင်ရွက်ရန် စီမံထားခြင်း၊ တရုတ်မော်တော်ယာဉ်နည်းပညာနှင့် သုတေသန ဗဟိုကလည်း ထိုင်းနိုင်ငံတွင် ဒေသဆိုင်ရာရုံးခွဲဖွင့်လှစ်ထားခြင်း၊ မလေးရှား၏ Proton ကုမ္ပဏီကလည်း မလေးရှားတွင် လျှပ်စစ်ကားထုတ်နိုင်ရေး သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ စီစဉ်ထားခြင်းတို့ကို ဆောင်ရွက်ထားပါသည်။

လျှပ်စစ်ကားအသုံးပြုမှုသို့ ကူးပြောင်းခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေပါသည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့်မလေးရှားတို့တွင် လျှပ်စစ်ထုတ်လုပ်မှု၏ ၈၀% ကို ရုပ်ကြွင်းလောင်စာဆီမှ ထုတ်လုပ်လျက်ရှိပါသည်။ ဗီယက်နမ်သည်လည်း ခေတ်မီနည်းပညာ ဖြင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ရာတွင် ရှေ့တန်းသို့ရောက်ရှိ နေပြီဖြစ်ရာ အရှေ့တောင်အာရှနိုင်ငံတိုင်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်မှန်းချက်များ မည်မျှပြည့်မီသည်ကို ဆက်လက် စောင့်ကြည့်ရန်သာ ကျန်ရှိပါတော့သည်။

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် လျှပ်စစ်ကားများ ပြောင်းလဲအသုံးပြုကြရန် အားပေးသည့် မူဝါဒများချမှတ်ပြီးနောက် ပြည်တွင်းတွင် ထုတ်လုပ်တပ်ဆင်နိုင်သည်အထိပြောင်းလဲရန် အလားအလာကောင်းများရှိနေပါသည်။ သို့သော် ဘက်ထရီနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ စိန်ခေါ်မှုများလည်းရှိနေသဖြင့် အခြားနိုင်ငံများအနေဖြင့် အဆိုပါအခွင့်အရေးကိုရယူပြီး အရှေ့ တောင်အာရှ လျှပ်စစ်ကားပြေးလမ်းတွင် လိုက်ပါသင့်ပါသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတိုင်းသည် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရေးဆောင်ရွက်ကြရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးမြှင့်အသုံးပြုခြင်းဖြင့် လျှပ်စစ်ကားကိုအဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်မှာအဓိကလိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။

ဆောင်းပါးရှင် :Tham Siew Yean, Professor, University of Kebangsaan Malaysia

Source: www.eco-business.com

                          

 

International Trade News

Pages