Department of Trade

မိမိနိုင်ငံဘက်မှာ ဈေးကွက်ဖြစ်ပေါ်နေသော ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး

Mon, 05/13/2013 - 03:43 -- admin
Undefined

ဗုဒ္ဓဟူးနေ့၊ ၀၂ ဇန်နဝါရီလ ၂၀၁၃ 17:20 PM

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းဟာ နယ်စပ်ကုန်သွယ်ရေး စခန်း(၁၃)ခုအနက် ကုန်သွယ်မှု ပမာဏ တတိယ အများဆုံး စခန်း တစ်ခုဖြစ် ပါတယ်။ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းဟာ အခြား စခန်းများထက် အခွင့်အရေးကောင်းများ ရှိနေပြီး မိမိနိုင်ငံဘက် ချင်းရွှေဟော်မှာ ဈေးကွက် ဖြစ်ပေါ်နေ၍ တစ်ဖက် တရုတ်နိုင်ငံမှ ဝယ်လက်များက မိမိဘက်မှာ လာရောက် ဝယ်ယူနေကြရခြင်း ဖြစ်တယ်။ ကြိုက်ဈေးရမှ ရောင်းချလျက်ရှိတဲ့ စခန်းပဲဖြစ် ပါတယ်။ မိမိနိုင်ငံဘက် ဈေးကွက် မပျက်စီးစေရေး လုပ်ငန်းရှင်များ အားသွန်ခွန် စိုက်ကြိုးပမ်း စေချင်တယ်၊ တရုတ်နိုင်ငံ လင်ချန်း ခရိုင်အနေနဲ့ ၎င်းတို့ဘက် စည်ကား တိုးတက်စေရေးကို ဆောင်ရွက်နေပြီ ဖြစ်ရာ မိမိဘက် ဈေးကွက် မပျောက်ဆုံးစေရေး ချင်းရွှေဟော် ဒေသအုပ်ချုပ်ရေး အဖွဲ့မှ ဆောင်ရွက် ပေးစေလိုကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်က တိုက်တွန်း ရှင်းလင်း အသိပေး ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဧပြီလမှ နိုဝင်ဘာလထိ ကာလမှာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ ယခုနှစ်နဲ့ ယမန်နှစ် ကုန်သွယ်မှု ဆောင်ရွက်နိုင်မှု များကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရ ပါတယ်-

(ကန်ဒေါ်လာသန်း)
လအမည် ၂ဝ၁၂-၂ဝ၁၃ ၂ဝ၁၁-၂ဝ၁၂
နိုဝင်ဘာ ၁၉.၄၆၂ ၇.၅၅ဝ
အောက်တိုဘာ ၁ဝ.၅၉၅ ၄.၄၁၃
စက်တင်ဘာ ၆.၆၂ဝ ၄.၄ဝ၅
သြဂုတ် ၇.ဝ၅၉ ၄.၁၇၉
ဇူလိုင် ၉.၁၅၄ ၁.၉၅၁
ဇွန် ၇.၄၅၇ ၂.၆၈ဝ
မေ ၂၃.၈၁၅ ၅.၃ဝ၉
ဧပြီ ၁၆.၆၅ဝ ၃.၇၄ဝ

Source: နကသ (ချင်းရွှေဟော်) CMK

ကုန်သွယ်မှုတိုးမြှင့်ရေး ကုန်သည်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးမည်

Mon, 05/13/2013 - 03:35 -- admin
Undefined

အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:25 PM

ကုန်သွယ်မှု ပမာဏ တိုးတက်ရေးနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိစေရန် ကုန်သွယ်မှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ အတားအဆီးများ ညှိနှိုင်း အဖြေရှာပြီး ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စေရန်၊ ကုန်သွယ်မှုမှာ ဖြေလျော့ ပေးသင့်တဲ့ အချက်များနဲ့ စပ်လျဉ်းပြီး ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ဆွေးနွေး ညှိနှိုင်းရန်နဲ့ ကုန်သွယ်မှု လျာထားချက်များ ပြည့်မီ ကျော်လွန်စေရေး

ဝိုင်းဝန်း ကြိုးပမ်းရန် ရည်ရွယ်ချက်များနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ လစဉ် ကျင်းပလျက်ရှိပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၃းဝဝ ချိန်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်က ကုန်သွယ်မှု မြှင့်တင်ရေး အတွက် ကုန်သည်များ အပိုင်းမှ စီစဉ် ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ကုန်သည် လုပ်ငန်းရှင်များနဲ့ ပူးပေါင်း ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး အတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များဟာ အရင်းအနှီးနဲ့ ဈေးကွက် အခြေအနေနဲ့ စိန်ခေါ်မှုများကို အမြဲရင်ဆိုင် ဆောင်ရွက်နေ ရကြောင်း၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးမှာ ဈေးကွက်ကို အချိန် စောစီးစွာ ရောက်ရှိရေး၊ လမ်းခရီး တစ်လျှောက် ကုန်သွယ်မှု ကုန်ကျစရိတ် အလျော့နည်းဆုံးနဲ့ ဈေးကွက်သို့ ချောမွေ့စွာ ရောက်ရှိရေး နှစ်ချက်သည် အရေးပါတယ်။ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် ID/ED ဆောင်ပြီး တရားဝင် ကုန်သွယ်မှု ပြုရာမှာ အချိန်ကြန့်ကြာမှု၊ အခွန်ပေးဆောင်မှုများ ရှိနေသော်လည်း တရားမဝင် သွားတာက ပိုမို မြန်ဆန်နေခြင်း အတွက် အထက်လူကြီးများ အကြိမ်ကြိမ် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အဖြေရှာခြင်းနဲ့သာ အချိန်ကုန်နေရတာ တွေ့ရကြောင်း၊ လိုင်စင်ကြောင့် ကြန့်ကြာတယ်၊ ဘယ်အရာကြောင့် နှောင့်နှေးမှု ဖြစ်နေရတယ် ဆိုတာကို ပွင့်ပွင့် လင်းလင်း ဆွေးနွေး ပေးစေလိုတယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

တရားဝင် ကုန်သွယ်မှု ပြုသူများအား အကာအကွယ်ပေးနိုင်ရေး အတွက် Mobile Team အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို ဟန့်တား စစ်ဆေးပြီး ဒဏ်ကြေးပေးဆောင်တဲ့ အပြစ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ITC ကဒ်များ ထုတ်ပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများက တင်ပြချက်များ အပေါ် ဌာန အကြီးအကဲများက အလေးအနက်ထား အရေးယူ ဆောင်ရွက်ပေးနေတဲ့ အတွက် ပွင့်ပွင့် လင်းလင်း အကြံပြု ဆွေးနွေးစေခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ITC ကဒ်နဲ့ သွင်းကုန် လုပ်ဆောင်ခွင့်ရှိတဲ့ ပစ္စည်း ၂၄၂ မျိုးရဲ့ ဈေးနှုန်းကို လုပ်ငန်း ဆောင်ရွက်မဲ့သူများ သိရှိနိုင်ရန် အတွက် ကြော်ငြာပေးရန်၊ ITC ကဒ်အား မူလ ခွင့်ပြုထားတဲ့ ခရိုင် ၃ ခု (မူဆယ်၊ လားရှိုး၊ ကျောက်မဲ) အပြင် အခြား ခရိုင်နဲ့ မူဆယ်အနေကြာသူများအား ခွင့်ပြုပေးနိုင်ရေး မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ အဆိုပြု တင်ပြပေးရန်၊ ကာနေရှင်း ပန်းအစို (Fresh Carnation) တင်သွင်းခွင့်ကို Auto လိုင်စင်ခွင့်ပြု အမယ်တွင် ထည့်သွင်းနိုင်ရေး အထက်ဌာနသို့ တင်ပြပေးရန်၊ နေပြည်တော်မှာ ကားအပိုပစ္စည်း လိုင်စင် လျှောက်ထားရာမှာ စက်မှုဇုန် ထောက်ခံချက် အပြင် မြန်မာနိုင်ငံ စက်မှုလက်မှု ဖွံ့ဖြိုးရေး အသင်း ထောက်ခံချက် ထပ်မံ တောင်းခံခဲ့တဲ့ အတွက် ငွေ၊ အချိန်ကုန်၊ လူပန်း ရသဖြင့် လျော့ချပေးရန် တောင်းဆိုချက်အား အထက်ဌာနသို့ တင်ပြပေးရန်၊ ငရုတ်သီးခြောက် တင်သွင်းရန် လျှောက်ထားလာပါက ရုံးချုပ်သို့ တင်ပြပေးရန်နဲ့ မျိုးဂျင်း တင်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး စိုက်ပျိုးရေး ထောက်ခံစာဖြင့် လျှောက်ထားမှု ရှိပါက ရုံးချုပ်သို့ တင်ပြ ပေးရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source: နကသ (မူဆယ်) အေးချမ်းမေ

ဂျင်းအစို၊ ငရုတ်သီးခြောက် ကာနေးရှင်း နဲ့ နယ်စပ်ကုန်သွယ်ရေး

Mon, 05/13/2013 - 03:34 -- admin
Undefined

အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:20PM

မောချယ်ရီမြေ ကုမ္ပဏီ ကိုယ်စားလှယ် ဦးဖြိုးအောင်ထိန်က ဂျင်းအစို တင်သွင်းခွင့် ရ/မရ၊ စိုက်ပျိုးရေး ထောက်ခံချက် လို/မလို သိလိုကြောင်း၊ ယခင်က ကာနေရှင်းပန်း အစိုအား နယ်စပ်စခန်း လိုင်စင် ခွင့်ပြု ပေးခဲ့သော်လည်း ယခု Auto ခွင့်ပြု စာရင်းအမယ်တွင် မပါသဖြင့် ရုံးချုပ်သို့ ကြေးနန်း တင်နေရတဲ့ အတွက် Auto လိုင်စင်ခွင့်ပြု စာရင်းတွင် ထည့်သွင်း ပေးစေလိုကြောင်း ဒီဇင်ဘာလက မူဆယ် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ ကျင်းပတဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှ တင်ပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ Junction River Co,Ltd. မှ ဒါရိုက်တာ ဦးဝင်းနိုင် ကတော့ ငရုတ်သီးခြောက် တင်သွင်းရန် စားဖိုချောင် အသင်း ထောက်ခံချက်ရနိုင်ခြင်း ရှိ/မရှိ ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်မှ ဂျင်းတင်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး မျိုးအဖြစ် တင်သွင်းမယ် ဆိုလျှင် မြန်မာ စိုက်ပျိုးရေးမှ ထောက်ခံချက် ရယူရမှာ ဖြစ်ပြီး စားသုံးရန် အတွက်ဆိုမူ စားဖိုချောင်အသင်း ထောက်ခံချက် ရယူရန် လိုအပ်ကြောင်း၊ ငရုတ်သီးခြောက် တင်သွင်းလိုပါက ကုမ္ပဏီမှ တင်ပြလျှောက်ထားရန်နဲ့ မြဝတီ နယ်စပ်မှာလည်း ခွင့်ပြု ပေးထားပြီးဖြစ်လို့ မူဆယ် နယ်စပ်မှာလည်း ခွင့်ပြု ပေးနိုင်မည်ဖြစ်ကြောင်း၊ ပန်းအစိုကာနေရှင်း တင်သွင်းမှုနဲ့ စပ်လျဉ်းပြီး ယခင် စခန်းလိုင်စင်ခွင့်ပြု ထားခဲ့ပြီးဖြစ်တဲ့ အတွက် Auto လိုင်စင်ခွင့်ပြု အမယ်မှာပါရှိရေး ရုံးချုပ်သို့ တင်ပြပေး မည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းပြောကြား ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source: နကသ (မဆ) ပန်းချယ်ရီ

ရုရှားနဲ့ကိုရီးယားသို့ဗီယက်နမ်မှတင်ပို့တဲ့ ပင်လယ်စာအခြောက်အခြမ်းများ စိန်ခေါ်မှုများနဲ့ကြုံတွေ့ရလျက်ရှိ

Mon, 05/13/2013 - 03:32 -- admin
Undefined

ဗီယက်နမ်နိုင်ငံမှ ရုရှားနဲ့ တောင်ကိုရီးယားသို့ ပင်လယ်စာ ငါးခြောက်များ တင်ပို့ရာမှာ စိန်ခေါ်မှုများနဲ့ ကြုံတွေ့ရလျက် ရှိတယ်လို့ www.vietnetnews.com မှာဖော်ပြထားပါတယ်။ ရုရှားနဲ့ တောင်ကိုရီးယား ဈေးကွက်များဟာ ဗီယက်နမ် ပင်လယ်စာ ငါးခြောက်များ တင်ပို့မှုကို ပိတ်ဆို့ခြင်းနဲ့ ဗီယက်နမ် တင်ပို့သူ အရေအတွက်ကို လျှော့ချခြင်းများ စတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဗီယက်နမ်နဲ့ ရုရှားတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ တတိယပတ်က ပြုလုပ်ရာမှာ ဗီယက်နမ် ဆိုင်ရာ ရုရှားကုန်သွယ်ရေး အေဂျင်စီမှ ကိုယ်စားလှယ် Mxiam Golikov က စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဗီယက်နမ်မှ တင်ပို့တဲ့ ပင်လယ်စာ အခြောက်အခြမ်းများ တင်သွင်းမှုကို တားမြစ်ထားခြင်း ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ပင်လယ်စာ အခြောက်အခြမ်းများ တင်သွင်းမှု ဘာကြောင့် ရပ်ဆိုင်း ထားရတယ်ဆိုတာကို ရုရှားအနေနဲ့ အသိပေးပြောကြားခြင်း တစ်စုံတရာမရှိဘူးလို့ သတင်းမှာ ဖော်ပြထား ပါတယ်။

ဗီယက်နမ်နိုင်ငံ Sai Gon Tam Tam ကုမ္ပဏီက ဒါရိုက်တာ Doan Ngoc Tram ကတော့ ဇူလိုင်လခန့်က စပြီး သူမရဲ့ ကုမ္ပဏီမှ ပင်လယ်စာ အခြောက်အခြမ်းများ တင်ပို့မှုကို ရပ်ဆိုင်းထားခံရကြောင်းနဲ့ အခြား ပို့ကုန် လုပ်ငန်းရှင် အတော်များများလည်း ရပ်ဆိုင်းထားခြင်း ခံရတယ်လို့ ပြောကြားခဲ့ပါတယ်။

အချို့ ရုရှား ကုမ္ပဏီများကတော့ ဆက်လက် တင်သွင်းလိုတဲ့ ဆန္ဒရှိနေကြောင်းနဲ့ ဇန်နဝါရီလ အတွင်းမှာတော့ ဗီယက်နမ်ကို ရုရှား ပင်လယ်စာ အခြောက် တင်သွင်းမှု ဆိုင်ရာ လုပ်ငန်းကော်မီတီဝင် အချို့ လာရောက်ဖို့ရှိတယ်လို့ ရုရှား ကုန်သွယ်ရေး အေဂျင်စီ ကိုယ်စားလှယ် Golikov ကဆိုပါတယ်။ စက်မှုနဲ့ ကုန်သွယ်ရေး CIS ( Common Wealth of Independent States) မှ Nguyen Khanh Ngoc က ၂၀၁၃ ခုနှစ် ပထမလေးလပတ် ကာလ အတွင်းမှာ ဗီယက်နမ်နဲ့ ရုရှားတို့အကြားရှိ လွတ်လပ်သော ကုန်သွယ်မှု အစီအစဉ်အရ ညှိနှိုင်းမှုများ လုပ်ဆောင်ရန် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှ ရုရှားသို့ ပင်လယ်စာ ရေထွက်ကုန် တင်ပို့တဲ့ ကုမ္ပဏီ ၃၆ ခုရှိပြီး ထိုအထဲမှာ ကုမ္ပဏီ ၁၂ ခုကတော့ ပင်လယ်စာ အခြောက်အခြမ်း အဓိကတင်ပို့လျက် ရှိပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ရုရှားသို့ ရေထွက်ကုန် နှစ်စဉ် ပျမ်းမျှ ကန်ဒေါ်လာ သန်း ၁၀ဝ ကျော်ဖိုး တင်ပို့လျက်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အေဂျင်စီ ရဲ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် လုပ်ငန်း ၁၆ ခုတွင် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် တန်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး ရေနံ၊ သဘာဝဓါတ်ငွေ့၊ ပင်လယ်စာနဲ့ အထည်ချုပ်လုပ်ငန်းများ ဖြစ်ကြပါတယ်။

Source: Vietnetnews.com (CMK)

တရားမဝင်ကုန်စည်စီးဆင်းနေတဲ့ ရေလမ်းဝင်ထွက်ပေါက်များနဲ့ မော်လမြိုင်၊ သထုံဘူတာများကို မကြာခဏ ရှောင်တခင် စစ်ဆေးသင့်

Mon, 05/13/2013 - 03:29 -- admin
Undefined

Mobile Team အနေနဲ့ မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက် ကားလမ်းပေါ်မှာ စစ်ဆေးတဲ့ အပြင် ရထားလမ်းကိုပါ ရံဖန်ရံခါ စစ်ဆေးနေတဲ့ အတွက် ယခင် တရားမဝင် လမ်းကြောင်းမှ ဆောင်ရွက်နေတဲ့ ကုန်သည်ကြီးများဟာ ကျုံဒိုး၊ မော်လမြိုင်၊ ကျိုက်ထိုတို့မှ တစ်ဆင့် ရန်ကုန်သို့ ရေလမ်းကြောင်းနဲ့ တန် ၂၀ဝ ဝန်းကျင်ခန့် သယ်နိုင်တဲ့ ကမ်းရိုးတန်းသွား စက်လှေများနဲ့ ကုန်ပစ္စည်းများ သယ်ယူမှုရှိနေ ပါတယ်။ ဝေါမြို့အတွင်းမှာ Mobile Team အဖွဲ့ စစ်ဆေးမှုများ ဆောင်ရွက်ချိန်မှာတော့ ကျိုက်ထို ဝန်းကျင်နဲ့ သိမ်ဇရပ်တို့မှ စစ်တောင်းမြစ် အတိုင်း တောင်ဘက် ပဲခူးတိုင်း ဒေသကြီး သနပ်ပင်မြို့နယ်နဲ့ မြောက်ဘက် ရွှေကျင်မြို့တို့ကို စက်လှေငယ်များဖြင့် သယ်၍ ဈေးကွက်များသို့ ဝင်ရောက်မှုများ ရှိနေတယ်လို့ သတင်းရရှိ ပါတယ်။ ရေလမ်းဝင်ထွက်ပေါက် ဆိပ်ကမ်းများ၊ တရားမဝင် ကုန်ပစ္စည်းတင်ရာ ကျုံဒိုး၊ မော်လမြိုင်၊ ကျိုက်ထို၊ သိမ်ဇရပ် ဆိပ်ကမ်းများမှာ ထိရောက်တဲ့ ဖမ်းဆီးမှုများ လုပ်ရန် လိုအပ်သလို မော်လမြိုင်နဲ့ သထုံဘူတာများကိုလည်း မကြာခဏ ရှောင်တခင် စစ်ဆေးသင့်တယ်လို့ Mobile Team အဖွဲ့က ဖော်ထုတ် တွေ့ရှိထားတယ်လို့ သတင်းရရှိပါတယ်။

သွင်းကုန် လုပ်ငန်းခွန်များ နိုင်ငံတော်သို့ ကျသင့်ကျထိုက်တဲ့ အခွန်အခများ ပေးဆောင်ထားတဲ့ ကုန်ပစ္စည်းများ သယ်ဆောင်ချိန်မှာ မွန်နဲ့ ကရင်ပြည်နယ်၊ ပဲခူး/ ရန်ကုန်တိုင်း ဒေသကြီးများရှိ ရဲတပ်ဖွဲ့ဝင်များမှ ကုန်တင် ယာဉ်များ အားစစ်ဆေး နေခြင်းကြောင့် မလိုလားအပ်တဲ့ ကြန့်ကြာမှုနဲ့ ကုန်သည်လုပ်ငန်းရှင်များ ငွေကြေး ထပ်မံ ကုန်ကျမှုများ ဖြစ်ပေါ်စေလျက် ရှိတယ်လို့ ကုန်သည် အသိုင်းအဝိုင်းနဲ့ ယာဉ်လိုင်းများက ပြောကြားလျက်ရှိပါတယ်။

Source: (လရ-၂) DOBT-MIRT

ရော်ဘာသွင်းကုန်အချို့အပေါ် ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံကသွင်းကုန်ခွန်လျော့ချ ပေးသွားမည်

Mon, 05/13/2013 - 03:25 -- admin
Undefined

ကမ္ဘာ့ ရော်ဘာအများဆုံး အသုံးပြုလျက်ရှိတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ ရော်ဘာ သွင်းကုန်အချို့ အပေါ် သွင်းကုန်ခွန် စည်းကြပ်မှုအား လျော့ချပေးသွားမယ်လို့ တရုတ် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ ပါတယ်။ ဒီကြေညာချက်ဟာ ရော်ဘာ တင်သွင်းသူများကို တွန်းအားပေးရာရောက် စေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထား ပါတယ်။

၂၀၁၃ ခုနှစ်မှာ သွင်းကုန်ခွန် လျော့ချပေးသွားမယ့် ရော်ဘာ ထွက်ကုန် တွေကတော့ SRS (Smoke Rubber Sheet) နဲ့ TSNR (Technically Specified Natural Rubber) တို့ဖြစ်ကြ ပါတယ်။ RSS eJY TSNR နှစ်မျိုးစလုံး အပေါ် တစ်တန်လျှင် ယွမ် ၁၂၀ဝ နှုန်းနဲ့ စည်းကြပ် သွားမယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဌာနရဲ့ကြေငြာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတုန်းက SRS ကို ၁၆၀ဝ ယွမ်နဲ့ TSNR ကို ၂၀ဝ၀ ယွမ်နှုန်း အသီးသီးနဲ့ စည်းကြပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုလို သွင်းကုန်ခွန် စည်းကြပ်မှု နှုန်းတွေကို လျှော့ချ ပေးလိုက်ခြင်းဟာ ပြည်ပမှ တင်သွင်းတဲ့ ရော်ဘာ ဈေးများကို သက်သာရာ ရစေသော်လည်း ပြည်တွင်းမှ ရော်ဘာ ထုတ်လုပ်သူများကို ဖိစီးစေကြောင်းနဲ့ ပြည်တွင်း ရော်ဘာ လက်ကျန် ပမာဏများ ပိုမို စေလျက်ရှိကြောင်း ရိုက်တာ သတင်းက ရေးသားထားပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ သဘာဝ ရော်ဘာ တန်ချိန် ၂ ဒသမ ၁ သန်းကျော် ပြည်ပမှ တင်သွင်းခဲ့ပြီး ၂၀၁၀ ခုနှစ် တင်သွင်းမှုထက် ၁၃ ရာခိုင်နှုန်း ပိုမို ခဲ့ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတို့မှ အဓိက တင်သွင်း လျက်ရှိတယ်လို့ သိရ ပါတယ်။

Source: Reuters -CMK

အိန္ဒိယမှ သဘာဝရော်ဘာတင်သွင်းမှု တန်ချိန်တစ်သိန်းခွဲကျော်ရှိ

Mon, 05/13/2013 - 03:18 -- admin
Undefined

ဧပြီလမှ နိုဝင်ဘာလထိ ကာလအတွင်း အိန္ဒိယနိုင်ငံမှ သဘာဝ ရော်ဘာ တင်သွင်းမှုမှာ တန်ချိန် ၁၅၃၈၅၅ ရှိပြီး ယမန်နှစ် တင်သွင်းမှုထက် ၃၂ ရာခိုင်နှုန်းကျော် မြင့်တက်လျက် ရှိကြောင်း globalrubbermarket.com မှာ သတင်း ဖော်ပြထား ပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ကမ္ဘာ့ပေါက်ဈေး နိမ့်နေခြင်းတို့ရဲ့ အကျိုးဆက် တစ်ခုဖြစ်တယ်လို့ သုံးသပ်ထား ပါတယ်။

နိုဝင်ဘာလ တစ်လတည်းမှာ အိန္ဒိယမှ ရော်ဘာ တင်သွင်းမှု ပမာဏဟာ ၂၂၇၄၈ တန်ရှိပြီး ယမန်နှစ်က တင်သွင်းခဲ့တဲ့ ပမာဏမှာ ၁၆၁၂၅ တန်သာ ရှိခဲ့ပါတယ်။ လာမဲ့လများမှာ RSS-4 ၊ RSS-4 နဲ့ အဆင့်တူတဲ့ SMR-20 ရော်ဘာ တင်သွင်းမှုများ ပိုမိုလာဖွယ် ရှိကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဈေးကွက်များက ဈေးများဟာ ပြည်တွင်းဈေးထက် ပိုမို သက်သာလျက်ရှိတဲ့ အတွက်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။ ကွာလာလမ်ပူမှာ SMR-20 တစ်ကီလို ဂရမ်ကို ၅၃ ဒေါ်လာနဲ့ အိန္ဒိယမှာ RSS-4 တစ်ကီလို ဂရမ်ကို ၅၄ ဒသမ ၃၃ ဒေါ်လာဈေး ပေါက်လျက်ရှိရာ ကျွမ်းကျင်သူများက ယခုနှစ် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာ တင်သွင်းမှုဟာ ၂ သိန်းခွဲထိ ရှိလာနိုင်တယ်လို့ ခန့်မှန်း ပြောကြားလျက် ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်း ရော်ဘာ လိုအပ်မှု ထိုင်းမှိုင်းနေချိန်မှာ ကမ္ဘာ့ ရော်ဘာ ဈေးဟာလည်း ကျရိပ်သန်းလျက်ရှိ ပါတယ်။ တရုတ်နိုင်ငံမှ သဘာဝ ရော်ဘာ တင်သွင်းမှုဟာ ယမန်နှစ်ကထက် ၁၅ မှ ၂၀ ရာခိုင်နှုန်း ခန့်ထိ လျော့ကျ သွားဖွယ်ရှိကြောင်း သတင်းမှာ သုံးသပ် ဖော်ပြထား ပါတယ်။ ရော်ဘာ ကုန်သွယ်သူများရဲ့ ဦးဆောင် Cochin ရော်ဘာ ကုန်သည်များ အသင်း ဥက္ကဌဟောင်း Mr. N Radhak-rishnan ကတော့ လာမဲ့ သုံးလေးလ အတွင်းမှာ ရော်ဘာ ဈေးများ ကျရိပ်ရှိကြောင်း လာမဲ့ ဆောင်းရာသီမှာ လိုအပ်ချက်များ မြင့်တက် လာဖွယ်ရှိသော်လည်း ဈေးနှုန်းများကတော့ ကျရိပ်သန်းလျက် ရှိတယ်လို့ ပြောကြား တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: globalrubbermarket.com -     ပန်

(၁၂) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကြီး မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင်ကျင်းပ

Mon, 12/17/2012 - 10:37 -- Anonymous (not verified)
Undefined
alt  alt alt

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့ အထိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၀၉း၀၀ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ မစ္စတာ ဂေါင်ရှုရှင်းနဲ့ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး မစ္စတာဝမ်ကျိဝေ တို့မှ အမှာစကားများပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ် ဒုတိယဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ စီးပွားရေးဌာနညွှန်ကြားရေးမှူး၊ မစ္စတာ လီကွေတို့မှ ကုန်စည်ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာဘူကာဂတ်ဆာရာရတ်၊ ရန်ကုန်အခြေစိုက် ဂျပန်နိုင်ငံ ပြည်ပ ကုန်သွယ် ဆက်ဆံရေးအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာဖူမီတိုတာကာဟာရှီ၊ မန္တလေးအခြေစိုက် တရုတ်နိုင်ငံစီးပွားရေးကောင်စစ်ဝန် မစ္စတာ လီရန်ဇီကွမ်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်အသင်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များမှပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူအင်အား (၁၆၈၀) ဦး တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ယဉ်ကျေးမှုအဖွဲ့၊ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့များနဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ နှစ်နိုင်ငံတာဝန်ရှိသူများ၊ ကုန်သည်များနှင့် လူထုအင်အား ၃၂၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ယခုနှစ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံဘက်ပြခန်း (၈၈) ခန်း ခင်းကျင်းပြသပြီး ကျောက်မျက်ရတနာ အချောထည်များ၊ သစ်အချောထည်များ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ တိုင်းရင်းဆေးများ၊ စက်မှု ကုန်ထုတ်လူသုံးကုန် ပစ္စည်းများနဲ့ ချယ်ရီရိုးမကုမ္ပဏီမှ ဂျပန်ထုတ်မော်တော်ယာဉ်များ ခင်းကျင်းပြသခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့အား မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ညနေ ၁၄း၀၀ အချိန်တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များ အသင်းအစည်းအဝေးခမ်းမ၌ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ကိုဝေတို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်း ညှိနှိုင်းရေးကော်မတီ (Joint Border Trade Cooperate & Coordinate Committee) အစည်းအဝေးကို ဆင်လက် ကျင်းပခဲ့ ကြပါတယ်။

ပြပွဲ ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၃း၀၀ နာရီတွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း အစည်းအဝေးခမ်းမမှာ နှစ်နိုင်ငံစီးပွားရေးနှင့်သက်ဆိုင်သော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၀၉း၀၀ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံ ရွှေလီအထူးစီးပွားရေးစီမံကိန်းစမ်းသပ်ဇုန် ဥက္ကဌတို့ဦးဆောင်သည့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ခမ်လျန်စွမ်း (မူဆယ်)

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်မှ (၁၁)ရက်နေ့အထိ ကျင်းပမည့် မြန်မာ- တရုတ်ကုန်စည်ပြပွဲကြီးဆီသို့

Tue, 12/04/2012 - 15:54 -- Anonymous (not verified)
Undefined

       

(၂၀၁၁ ခုနှစ် မြန်မာ- တရုတ် ကုန်စည်ပြပွဲ မြင်ကွင်ဓာတ်ပုံများ)

   ယခုနှစ်ကုန်စည်ပြပွဲမှာ ကုန်သည်များပြသတဲ့ပြခန်းပေါင်း ၂ဝဝ ကျော် ပြသသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဘက်မှ ဝန်ကြီးဌာနများ၊ သမဝါယမအသင်းများ၊ ကုန်သည်အသင်းများ၊ စက်မှုဇုန်များမှ ပူးပေါင်းပါဝင်ပြသသွား ကြမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဘက်ကပြသမယ့် ပြခန်းတွေမှာ ကျောက်မျက်ရတနာများ၊ သစ်အချောထည်များ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ စက်မှုဇုန်များမှ ထုတ်လုပ်တဲ့ လူသုံးအိမ်သုံးပစ္စည်းများ ပါဝင်ပြသ သွားမှာ ဖြစ်ပါတယ်။

   မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အနေနဲ့ အရေးပါရုံ သာမက ဒေသတွင်း အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများအကြား မဟာဗျူဟာကျတဲ့ စီးပွားရေးဇုန် ဖြစ်တဲ့အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်စေနိုင်ခဲ့ပါတယ်။

   အဲဒါကြောင့် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေ ကို ကြည့်မယ်ဆိုလျှင် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာနှစ်မှာ ၁ဝ၇၆ ဒသမ ၈၁၁ အမေရိကန်ဒေါ်လာသန်း၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၁၈ဝဝ ဒသမ ၂၈၂ အမေရိကန်ဒေါ်လာသန်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ၂၉၈၅ ဒသမ ၄၂၄ အမေရိကန်ဒေါ်လာသန်းအထိ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုပိုမိုတိုးမြှင့်ကုန်သွယ်နိုင်တာကို တွေ့ရှိရပါတယ်။

   ယခုလို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲများ ကျင်းပနိုင်ခဲ့ခြင်းကြောင့် နှစ်ဖက်နိုင်ငံရှိ ကုန်သည် များအတွက် ကုန်စည်စီးဆင်းမှု လျှင်မြန်နိုင်ခြင်း၊ ကုန်သွယ်မှုတိုးတက်နိုင်ခြင်း၊ မိမိတို့ရဲ့ဈေးကွက်ကောင်းများ ပိုမိုရရှိလာနိုင်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုလာတော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်လိုက်ရပါတယ်။

 

အေးအေး (ကမရ)

နယ်စပ်/ဦးစီး

စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းခုျပ်ရေး (Mobile Team) အဖွဲ့ ဆောင်ရွက်ပြီးနောက် အပြောင်းအလဲ ရှိလာတဲ့ ကုန်သွယ်မှုပမာဏ

Tue, 12/04/2012 - 15:45 -- Anonymous (not verified)
Undefined

  မူဆယ်-မန္တလေး ကုန်စည်လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ (Mobile Team) ဟာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ကုန်သည်များ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ဟန့်တားခြင်း၊ ပညာပေးခြင်း၊ ယာယီ သိမ်းဆည်းထားတဲ့ ပစ္စည်းများအတွင်းမှ လိုင်စင်ဆောင်ရွက်ပေးနိုင်သည်များကို လိုင်စင်ပြုလုပ်ပေးခြင်း၊ အန္တရာယ်ရှိ ပစ္စည်းများအား ရုံးချုပ်သို့ တင်ပြကာ ဖျက်ဆီးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။

   လှုပ်ရှားတားဆီးရေးအဖွဲ့ဟာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်ထိကာလအတွင်း အတက်အဆင်း ယာဉ်ကြီး ၄၆ စီး၊ မှန်လုံယာဉ် ၁၁၄ စီးနဲ့ ယာဉ်ငယ် ၃၁၅ စီးကို စစ်ဆေးခဲ့ရာမှာ လူစီးမှန်လုံယာဉ် ၄ စီး၊ ယာဉ်ငယ် ၁၁ စီး၊ Light Truck ယာဉ် ၃ စီး၊ လေးလုံးထိုး ထော်လာဂျီ ၆ ဘီးယာဉ် ၁ စီး၊ ဆိုင်ကယ် ၁ စီးနှင့် ကွင်းလမ်းစုပုံ ၂ ကြိမ်မှ လိုင်စင်မဲ့ ကုန်ပစ္စည်းမျိုးစုံအား ယာယီ သိမ်းဆည်းခဲ့ပြီး လိုင်စင်ဆောင်ရွက်ပေးနိုင်သည့် ပစ္စည်းများအား လိုင်စင်ပြုလုပ်ပေးခြင်း၊ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်များကို ရုံးချုပ်တင်ပြ ဖျက်ဆီးခြင်း၊ မိမိတို့ယာယီ ထိန်းခုျပ်နိုင်ခြင်းမရှိသေးတဲ့ လားရှိုး-မန္တလေး လမ်းကြောင်းအတွက် ရရှိသတင်းများအား မန္တလေး နယ်စပ်ကုန်သွယ်ရေးရုံးမှတစ်ဆင့် မန္တလေး အကောက်ခွန်ဦးစီးဌာနသို့ သတင်းချပြပြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ ဟန့်တားစေခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ လှုပ်ရှားမှုကာလနဲ့ ယခင်ကာလတူကို နှိုင်းယှဉ်ကြည့်ရာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၇ သန်း တိုးတက်မှုရှိလာပြီး နိုဝင်ဘာလ ၆ ရက် နေ့မှ ၁၂ ရက်နေ့ထိ ကန်ဒေါ်လာ ၁၁ ဒသမ ၈၂၄ သန်း တိုးတက်မှုရှိလာ ကြောင်းတွေ့ရှိရတယ်လို့ သတင်း ရရှိပါတယ်။

   တရားမဝင် သွားရောက်နေသူအများစု လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာကြပြီး ပြည်သူလူထု အန္တရာယ်ဖြစ်စေနိုင်တဲ့ လူသုံးကုန်နှင့် စားသောက်ကုန်များ ဝင်ရောက်မှုကိုပါ ကာကွယ်ဟန့်တားသွားနိုင်မှာ ဖြစ်ကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။

 

အေးအေးမြ

Pages

Subscribe to RSS - Department of Trade