အိန္ဒိယမှ သဘာဝရော်ဘာတင်သွင်းမှု တန်ချိန်တစ်သိန်းခွဲကျော်ရှိ

Mon, 05/13/2013 - 03:18 -- admin

ဧပြီလမှ နိုဝင်ဘာလထိ ကာလအတွင်း အိန္ဒိယနိုင်ငံမှ သဘာဝ ရော်ဘာ တင်သွင်းမှုမှာ တန်ချိန် ၁၅၃၈၅၅ ရှိပြီး ယမန်နှစ် တင်သွင်းမှုထက် ၃၂ ရာခိုင်နှုန်းကျော် မြင့်တက်လျက် ရှိကြောင်း globalrubbermarket.com မှာ သတင်း ဖော်ပြထား ပါတယ်။ ပြည်တွင်း ထုတ်လုပ်မှု ကျဆင်းခြင်းနဲ့ ကမ္ဘာ့ပေါက်ဈေး နိမ့်နေခြင်းတို့ရဲ့ အကျိုးဆက် တစ်ခုဖြစ်တယ်လို့ သုံးသပ်ထား ပါတယ်။

နိုဝင်ဘာလ တစ်လတည်းမှာ အိန္ဒိယမှ ရော်ဘာ တင်သွင်းမှု ပမာဏဟာ ၂၂၇၄၈ တန်ရှိပြီး ယမန်နှစ်က တင်သွင်းခဲ့တဲ့ ပမာဏမှာ ၁၆၁၂၅ တန်သာ ရှိခဲ့ပါတယ်။ လာမဲ့လများမှာ RSS-4 ၊ RSS-4 နဲ့ အဆင့်တူတဲ့ SMR-20 ရော်ဘာ တင်သွင်းမှုများ ပိုမိုလာဖွယ် ရှိကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဈေးကွက်များက ဈေးများဟာ ပြည်တွင်းဈေးထက် ပိုမို သက်သာလျက်ရှိတဲ့ အတွက်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထား ပါတယ်။ ကွာလာလမ်ပူမှာ SMR-20 တစ်ကီလို ဂရမ်ကို ၅၃ ဒေါ်လာနဲ့ အိန္ဒိယမှာ RSS-4 တစ်ကီလို ဂရမ်ကို ၅၄ ဒသမ ၃၃ ဒေါ်လာဈေး ပေါက်လျက်ရှိရာ ကျွမ်းကျင်သူများက ယခုနှစ် အိန္ဒိယနိုင်ငံရဲ့ ရော်ဘာ တင်သွင်းမှုဟာ ၂ သိန်းခွဲထိ ရှိလာနိုင်တယ်လို့ ခန့်မှန်း ပြောကြားလျက် ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်း ရော်ဘာ လိုအပ်မှု ထိုင်းမှိုင်းနေချိန်မှာ ကမ္ဘာ့ ရော်ဘာ ဈေးဟာလည်း ကျရိပ်သန်းလျက်ရှိ ပါတယ်။ တရုတ်နိုင်ငံမှ သဘာဝ ရော်ဘာ တင်သွင်းမှုဟာ ယမန်နှစ်ကထက် ၁၅ မှ ၂၀ ရာခိုင်နှုန်း ခန့်ထိ လျော့ကျ သွားဖွယ်ရှိကြောင်း သတင်းမှာ သုံးသပ် ဖော်ပြထား ပါတယ်။ ရော်ဘာ ကုန်သွယ်သူများရဲ့ ဦးဆောင် Cochin ရော်ဘာ ကုန်သည်များ အသင်း ဥက္ကဌဟောင်း Mr. N Radhak-rishnan ကတော့ လာမဲ့ သုံးလေးလ အတွင်းမှာ ရော်ဘာ ဈေးများ ကျရိပ်ရှိကြောင်း လာမဲ့ ဆောင်းရာသီမှာ လိုအပ်ချက်များ မြင့်တက် လာဖွယ်ရှိသော်လည်း ဈေးနှုန်းများကတော့ ကျရိပ်သန်းလျက် ရှိတယ်လို့ ပြောကြား တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source: globalrubbermarket.com -     ပန်