Department of Trade

ထိုင်းဆန်တင်ပို့သူများ ဆန်ဈေး အနည်းငယ်တိုးမြှင့်

Mon, 05/13/2013 - 11:06 -- admin
Undefined

အင်္ဂါနေ့ ၂၂ ဇန်နဝါရီလ ၂၀၁၃ 11:55 PM

ထိုင်းဆန် ရောင်းချသူများဟာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ၎င်းတို့ရဲ့ ဟုန်မာလီ ဆန်တစ်တန်ကို ၁၀ ဒေါ်လာ နှုန်းတိုးမြှင့် လိုက်ပြီး ၁ တန်လျှင် ဒေါ်လာ ၁၁၂၀ မှ ၁၁၃၀ နှုန်းနဲ့ ဈေးဖွင့်ထားပါတယ်။ ဗီယက်နမ်ဆန် ရောင်းချ သူများကတော့ တစ်တန်ကို ၅ ဒေါ်လာ မှ ၃၀ ဒေါ်လာထိ လျှော့ချလိုက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန် ကတော့ ၎င်းတို့ရဲ့ ဆန်ဈေးကို ပြောင်းလဲခြင်း မပြုဘူးလို့ သိရပါတယ်။

ဇန်နဝါရီလ တတိယပတ် အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန် ဆန်အမျိုးအစား အလိုက် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေး လိုက်ရပါတယ် -

                  ထိုင်း              ဗီယက်နမ်             အိန္ဒိယ              ပါကစ္စတန်

၅ မှတ်ဆန်      ၅၅၀-၅၆၀              ၃၉၀-၄၀ဝ                ၄၂၀-၄၃၀                ၄၁၅-၄၂၅

၂၅ မှတ်ဆန်    ၅၃၅-၅၄၅               ၃၅၅-၃၆၅               ၃၈၀-၃၉၀                ၃၆၀-၃၇၀

ပြုတ်ဆန်        ၅၈၀-၅၉၀                -                        ၄၂၀-၄၃၀                ၄၅၀-၄၆၀

ဆန်ကွဲ           ၅၂၀-၅၃၀              ၃၄၅-၃၅၅               ၃၂၅-၃၃၅                 ၃၃၅-၃၄၅

ဗီယက်နမ် ဆန်ဈေးကို ကြည့်မယ်ဆိုလျှင် ယခင် အပတ်ဈေးထက် ၅ မှတ်ဆန်သည် ၁၅ ဒေါ်လာ၊ ၂၅ ဆန်ဒေါ်လာ ၂၀ နဲ့ ဆန်ကွဲ ၅ ဒေါ်လာ အသီးသီး တစ်တန်ဈေးများ လျှော့ချပေးထားတယ်လို့ သိရပါတယ်။

Source: Newsdesk (CMK)

ထုံးအိတ်တွေ အောက်က အချိုမှုန့်

Mon, 05/13/2013 - 11:00 -- admin
Undefined

 တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 10:50 AM

မဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း၊ ဒိုက်ဦး- မြစ်ကျိုး၊ လမ်းသစ်- လမ်းဟောင်း လမ်းဆုံမှာ စားသုံးသူ အကာ အကွယ် ပေးရေး၊ တရားမဝင် လိုင်စင်မဲ့ ကုန်ပစ္စည်း များနဲ့ ကန့်သတ် ကုန်ပစ္စည်း များအား Spot Check စနစ်ဖြင့် တားဆီး ရှာဖွေ စစ်ဆေးရာမှာ ဇန်နဝါရီလ ၁၀ ရက် ညပိုင်း ၂၀း၃၀ ချိန်ခန့်မှာ ထုံးအိတ်များ သယ်ဆောင် လာတဲ့ ယာဉ်မောင်း xxxxx မောင်းနှင်တဲ့ ယာဉ်အမှတ် ၁င/ xxxx မှာ ထုံးအိတ်များ အောက်မှ သိုဝှက် တင်ဆောင် ထားတဲ့ ထိုင်း နိုင်ငံထုတ် အချို့မှုန့် (၁ ထ ၂၅ ကီလိုဂရမ်) ၃၄ အိတ်နဲ့ (၁ x ၅၀ ကီလိုဂရမ်) ၂၁ အိတ်ကို တရားမဝင် လိုင်စင်မဲ့ တင်ဆောင် လာတာ စစ်ဆေး တွေ့ရှိ ရတယ်လို့ သတင်း ရရှိပါတယ်။

အချို့မှုန့်ကို ယခင်က တင်သွင်းခွင့် ကန့်သတ် ထားပေမဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က စပြီး ဖြေလျော့ တင်သွင်း ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အချို့မှုန့်နဲ့ အတူ အချိုရည်၊ ဘီစကစ် မျိုးစုံ၊ စည်သွပ် ဘူးများ (အသားနဲ့ သီးစုံ)၊ ခေါက်ဆွဲခြောက် အမျိုးမျိုး ကိုလည်း ပထမ အဆင့် အနေနဲ့ ဖြေလျော့ တင်သွင်း ခွင့်ပြု ထားပြီးလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ လိုင်စင်မဲ့ သိုဝှက် သယ်ဆောင် လာခြင်းကို ကြည့်မယ် ဆိုလျှင် လိုင်စင်နဲ့ တင်သွင်း ခွင့်ရှိတာကို မသိလို့ သိုဝှက် သယ်လာတာလား ဒါမှမဟုတ် အခွန် မဆောင်ချင်တဲ့ အတွက် မရိုးမသား သိုဝှက် သယ်လာ တာလား ဆိုတာ သိချင် မိပါတယ်။

ပညာပေး ကာလမှာလည်း ၁ ပတ် ၂ ပတ် မဟုတ်ဘဲ (၂)လ နီးပါး အချိန်ရှိနေပြီ ဖြစ်တဲ့ အတွက် ဒီလို မရိုးသားမှုတွေ ဆက်ရှိ မနေသင့်တော့ ပါဘူး။

သက်ဆိုင်ရာ စစ်ဆေးရေး အဖွဲ့ကတော့ ပညာပေး ကာလ အတွင်း ဖြစ်နေလို့ မြဝတီ ကုန်သွယ်ရေး ဇုန်မှာ လိုင်စင် လျှောက်ထားပြီး သတ်မှတ် အခွန်အခများ ပေးသွင်းပြီး ပါက စာရွက် စာတမ်းများ တင်ပြလာတဲ့ အခါ ဆက်လက် သယ်ဆောင် ခွင့်ပြုမယ်လို့ သိရှိရပါတယ်။

ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်ထိ ကာလ အတွင်း မြဝတီ- ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ဒိုက်ဦး-မြစ်ကျိုး၊ လမ်းသစ်- လမ်းဟောင်း လမ်းဆုံမှာ ကုန်တင် ယာဉ်များ၊ ခရီးသည်တင် ယာဉ်များကို Mobile Team -၂ မှ စစ်ဆေး ရှာဖွေတဲ့ အခါမှာ လိုင်စင်ထက် ပိုမို သယ်ဆောင်လာတဲ့ ပစ္စည်း တွေကတော့ helmet (လေကာမှန မပါတဲ့ ဦးထုပ်)၊ မ,စီး ဖိနပ်များ၊ ပဲနို့ကတ်၊ ငန်ပြာရည်၊ စားဆီ၊ ရေပုံး၊ အချိုရည်၊ အမွှေးဆီ၊ မင်းဂွတ်သီး တို့ဖြစ်ပါတယ်။ လိုင်စင်မဲ့ သယ်ဆောင် လာတဲ့ ပစ္စည်းတွေကတော့ မျက်နှာသုတ် ပုဝါ (တဘက်)၊ စက်ဘီး အဟောင်း၊ ဒူးရင်သီး၊ ကြက်မောက် သီးဘူး၊ အသားတု၊ စားဆီ၊ ငါးသေတ္တာ၊ ပဲနို့၊ အချိုရည်၊ ဆားချိုသီး၊ အမွှေးဘူး၊ ဆေး၊ ဆေး ပလာစတာ၊ အလှကုန်၊ ဇွန်း၊ အချို့မှုန့်၊ သကြား၊ ပဲပုတ်စေ့၊ မီး ပလပ်ခေါင်း၊ Lipo ၊ ခရုဆီ၊ Snow Tower ၊ Coffeemix ၊ ကြွက်ဆေး၊ အပင် အားဆေး၊ ခနောက်စိမ်း၊ နို့ဆီနဲ့ ခေါက်ဆွဲခြောက် တို့ဖြစ်ပြီး အမယ်လွဲ ပစ္စည်း တွေကတော့ ပဲပိစပ်ဆီ၊ ရေတင် စက်၊ ထိုင်းရိုးရာ ထမီ တို့ဖြစ်ကြပါ တယ်။ Brand တံဆိပ် အလွဲကတော့ စားဆီ တွေပဲဖြစ် ပါတယ်။

Source: လရ- ၂ = MTN

ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်အား ခနှုန်းထား သတ်မှတ်မှု နောက်ဆက်တွဲ ဂယက်များ

Mon, 05/13/2013 - 10:59 -- admin
Undefined

တနင်္လာနေ့၊  ၂၁ ဇန်နဝါရီလ ၂၀၁၃ 10:37 AM

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်တဲ့ ရွှေ့ပြောင်း လုပ်သားများ အပါအဝင် အလုပ် သမားများအား အနိမ့်ဆုံး လုပ်အားခ ၁ ရက် ဘတ် ၃၀ဝ နှုန်း ပေးဆောင်ရမဲ့ ထိုင်းအစိုးရ မူဝါဒကြောင့် အသေးစားနဲ့ အလတ်စား လုပ်ငန်းများ အချို့ ပိတ်လိုက် ရကြောင်း MOCT Online News Internet သတင်းစာ မျက်နှာမှာ ဖော်ပြထား ပါတယ်။

အနိမ့်ဆုံး လုပ်အားခ ဘတ် ၃၀ဝ တိုးမြှင့် ပြဌာန်း ခဲ့မှုကြောင့် လုပ်ငန်း လည်ပတ်မှုကို ရိုက်ခတ် ခံရတဲ့ အသေးစား စီးပွားရေး လုပ်ငန်းများအား အထောက်အပံ့ ဖြစ်စေမဲ့ ဖြေလျှော့ ပေးရေး အစီအစဉ် တစ်ရပ်ကို ၈-၁-၂၀၁၃ ရက်နေ့ ကျင်းပ ပြုလုပ်မဲ့ အစိုးရ အဖွဲ့အပတ်စဉ် အစည်းအဝေးမှာ အဆိုပြု တင်ပြမယ်လို့ အလုပ်သမား ဝန်ကြီး Phadermchai Sasomsub က ပြောကြား ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘဏ္ဍာရေး၊ အလုပ် သမားအရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း စသော ဝန်ကြီးဋ္ဌာန အသီးသီးရှိ စီးပွားရေး ဖွံ့ဖြိုးမှု ဆိုင်ရာ အချက် အလက်များ အပေါ် ခြုံငုံ စိစစ်ပြီး တင်သွင်းခဲ့တဲ့ ကနဦး အဆိုပြုချက် များမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (SMEs) အပေါ် လတ်တလော စည်းကြပ် ကောက်ခံလျက်ရှိတဲ့ အခွန်နှုန်း ထားကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ပေါ့ ပေးရေး၊ ဒေသတွင်း စက်မှု လုပ်ငန်းများမှာ အသုံးပြုရန် အလုပ်လက်မဲ့ (သို့မဟုတ်) ကျွမ်းကျင်မှု မရှိသော အလုပ်သမား များအား လေ့ကျင့် သင်ကြား ပေးရန် ထောက်ပံ့ လေ့ကျင့်ရေး ဋ္ဌာနများ ဖွဲ့စည်း ထူထောင်နိုင်ရန် ဘက်စုံ စွမ်းရည် ဖွံ့ဖြိုးရေး ဋ္ဌာန ဘတ်ဂျက် ငွေကို ပြင်ဆင် ပြဋ္ဌာန်းပေးရေး စတဲ့ အချက်များ ပါဝင်တယ်လို့ သိရပါတယ်။ အခွန် လျော့ပေါ့ရေး အစီအစဉ်ကြောင့် အစိုးရရဲ့ ဘဏ္ဍာငွေ တိုက်ထဲမှ ထိုင်းဘတ်ငွေ သန်း (၂၀) လျော့ကျမှာ ဖြစ်ပါတယ်။ ထုတ်ပြန် ကြေငြာခဲ့ပြီး ဖြစ်တဲ့ ကော်ပိုရေးရှင်း ဆိုင်ရာ ဝင်ငွေခွန် နှုန်းထားကို ၂၀ ရာခိုင်နှုန်းသို့ လျော့ချ သတ်မှတ် ပေးခဲ့ခြင်းဟာ လုပ်ငန်းရှင်များရဲ့ ဝင်ငွေ မြင့်မားရေးကို ပံ့ပိုး ပေးမှာဖြစ်ပြီး ထိုင်းနိုင်ငံ အနေဖြင့် နှစ်စဉ် အခွန် စည်းကြပ်ခြင်းမှ ထိုင်းဘတ်ငွေ သန်းပေါင်း ၆၀ မှ ၇၀ အတွင်းရရှိ တယ်လို့ သိရပါတယ်။ အဆိုပြုချက်မှာ ပါဝင်သော အခြား အချက်များမှာ ခရိုင် အသီးသီးမှ ဟိုတယ်နဲ့ အပန်းဖြေ စခန်းများရဲ့ အခန်း တစ်ခန်း အတွက် ဝန်ဆောင်ခ ထိုင်း ဘတ်ငွေ ၈၀ မှ ၄၀ ဘတ်သို့ လျော့ချ သတ်မှတ်ပေးရေး၊ ခရိုင်များ အတွင်းရှိ ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက် လည်ပတ်တဲ့ နေရာ ဒေသ များမှာ စီးပွားရေး အရ ဖွံ့ဖြိုးမှု မြင့်မား လာစေရန် ရည်ရွယ်ပြီး နှီးနှော ဖလှယ်ပွဲများ ကျင်းပ ပြုလုပ် ပေးနိုင်ရန် အတွက် ဒေသ ဆိုင်ရာ အစိုးရ ဋ္ဌာနများ ဘတ်ဂျက် ငွေကို ပြန်လည် ပြင်ဆင် သတ်မှတ်ပေးရန် ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဋ္ဌာနမှ အဖွဲ့ငယ်များ ဖွဲ့ပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင် နိုင်ရန် လုပ်အားခ နည်းတဲ့ စက်ရုံ အလုပ်သမားများမှ ထုတ်လုပ်တဲ့ ဈေးနှုန်း သက်သာသော ကုန်ပစ္စည်းများ ရောင်းချ ပေးသွားမဲ့ အစီအစဉ် ချမှတ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်ဝင်တဲ့ အနိမ့်ဆုံး လုပ်အားခအား ၁ ရက်လျှင် ဘတ်ငွေ ၃၀ဝ ပေးရမဲ့ မူဝါဒကြောင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ များစွာ နစ်နာခဲ့ ပါကြောင်း၊ လုပ်အားခများ ပိုမို ပေးရပြီး လုပ်အားကြောင့် ရရှိလာတဲ့ တန်ဖိုး နည်းတဲ့ အတွက် တစ်ချို့ စက်ရုံများ ပိတ်လိုက်ရတဲ့ အခြေအနေသို့ ရောက်ရှိ နေပြီဖြစ်ကြောင်း၊ ထိုင်း အစိုးရရဲ့ လုပ်အားခ မူဝါဒ အတိုင်း ခံစားခွင့် ရထားသည်ဖြစ်ရာ မြန်မာနိုင်ငံမှ အလုပ်သမားများ ပိုမို ဝင်ရောက်လာမည် ဖြစ်ပြီး အစိုးရမှ လုပ်အားခ ပိုမို လာတာနဲ့ အညီ ဝယ်လိုအား တိုးလာမှာ ဖြစ်တဲ့ အတွက် စီးပွားရေး ထိခိုက်မှု မရှိနိုင်ကြောင်း တွက်ချက်ထားတဲ့ မူဝါဒဟာ မှားယွင်း နေသောမူဝါဒ ဖြစ်တယ်လို့ ထိုင်း လုပ်ငန်းရှင်များမှ ပြောကြား ခဲ့ကြောင်း M.O.C.T Online News တွင် ဖော်ပြထားပါတယ်။

Source: M.O.C.T Online News - မြင့်ရှိန် (မြဝတီ)

သိုလှောင်ရန် ဆန်ပမာဏ တိုးလာတဲ့ အတွက် ထိုင်းအစိုးရမှ သိုလှောင်ရုံများ ငှားရမ်း ပေးရန်စီစဉ်

Mon, 05/13/2013 - 10:56 -- admin
Undefined

တနင်္လလာနေ့ ၊ ၂၁ ဇန်နဝါရီလ ၂၀၁၃ 10:34 AM

အစိုးရထံ စပါး အပေါင်ခံ စာချုပ် စနစ်နဲ့ ဆန်ရောင်းချတဲ့ ဒုတိယ နှစ်ကာလမှာ လိုအပ်ချက် အရ နိုင်ငံ တစ်နိုင်ငံလုံးမှာ သိုလှောင်ရုံ အလုံး ၁၈၀ အား အငှားချ သွားရန် ထိုင်းအစိုးရမှ စီစဉ်လျက်ရှိ ပါတယ်။ စပါး အပေါင်ခံ စာချုပ် စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ လက စတင်ခဲ့တာ ဖြစ်ပြီး ယခု ကာလဟာ ထိုစနစ် ကျင့်သုံးမှုရဲ့ ဒုတိယနှစ် ကာလ အတွင်းကို ရောက်ရှိ နေပြီဖြစ်ပါတယ်။

ဆန်စက်ပိုင်ရှင် ၈၀ဝ ခန့်ဟာ အပေါင်ခံ စာချုပ် စနစ်နဲ့ လုပ်ဆောင် နေကြတာ ဖြစ်ပါတယ်။ စပါး ဝယ်ယူပြီး နောက် (၇) ရက်အတွင်းမှာကြိတ်ဖွတ်ပြီး ဆန်များကို ဂိုဒေါင်များသို့ပေးပို့ရန် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ သိုလှောင်ရုံ အလုံး ၆၀ ကို ဆန် သိုလှောင်ရန် ရှေးဦးစွာ လျာထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆန်တင်ပို့မှု လျော့ကျခဲ့ခြင်း၊ အိမ်နီးချင်း နိုင်ငံများမှာ စပါးများ တရားမဝင် ဝင်ရောက်မှုများ ရှိတဲ့အတွက် ဆန်သို လှောင်ရန် သိုလှောင်ရုံ အခက်အခဲများကို ဖြေရှင်းနိုင်ရန် အစိုးရမှ စီစဉ်နေခြင်း ဖြစ်ပါတယ်။

ဇန်နဝါရီလ တတိယပတ် အစောပိုင်းမှာ ဆန်စက်ပိုင်ရှင်များ ကိုယ်စားလှယ်က အစိုးရ အနေနဲ့ ၎င်းတို့ကို သိုလှောင်ရုံများ ထပ်မံ စီစဉ် ပေးနိုင်ခြင်း မရှိလျှင် ၎င်းတို့မှာ ဆန် သိုလှောင်ရန် နေရာ မရှိတော့တဲ့ အတွက် တောင်သူများ ထံမှ စပါး ဝယ်ယူမှုကို ရပ်နား ထားရတော့မယ်လို့ ပြောကြား ခဲ့တာဖြစ်ပါတယ်။ ဆန်စက်များမှ ကြိတ်ဖွတ်ပြီး သိုလှောင်ရုံများသို့ ဆန်ပို့တဲ့ အခါမှာ သိုလှောင်ရုံ အခက်အခဲ ရှိတဲ့ အတွက် တစ်ပတ်ခန့် အချိန်ပေး စောင့်ဆိုင်း နေရကြောင်းနဲ့ စပါး ကြိတ်ခွဲမှုကိုလည်း ရပ်နား ထားရကြောင်း ဆန်စက် ပိုင်ရှင် ကိုယ်စားလှယ်က အခြေအနေကို တင်ပြခြင်း အပေါ် ဆန်စက် ပိုင်ရှင်များရဲ့ တောင်းဆိုချက် အရ ထိုင်းကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဋ္ဌာနက တစ်ပတ် အတွင်း ဆန် သိုလှောင်နိုင်ရန် သိုလှောင်ရုံ ၁၈၀ ကို ခွဲဝေ ပေးလိုက်တာ ဖြစ်ပါတယ်။

ယခု နှစ်တွင် ထိုင်း နိုင်ငံ အနေနဲ့ စပါး တန် ၁၂ သန်း ဝယ်ယူရန် ရည်ရွယ်ထားပြီး ယမန်နှစ်က ဝယ်ယူသော ပမာဏ အတိုင်းပင် ဖြစ်ပါတယ်။ စပါးတန် ၉ သန်းကို အစိုးရ အနေနဲ့ ယခုစပါး ရိတ်သိမ်းချိန် အတွက် စပါးအပေါင်ခံ စာချုပ် စနစ်နဲ့ ဝယ်ယူထားပြီး ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။ အပေါင်ခံ စာချုပ်နဲ့ ဝယ်ယူတဲ့ စနစ်အရ တောင်သူများဟာ ဆန်ဖြူစပါး တစ်တန်ကို ၄၉၈ ဒေါ်လာနှုန်း ရရှိပြီး ဆန်မွှေး စပါးကို ၆၆၅ ဒေါ်လာနှုန်းနဲ့ ရရှိစေခဲ့ တယ်လို့ သိရပါတယ်။

Source: oryza == CMK

ထိုင်း လေကြောင်းလိုင်းများမှ ခရီးသည် ၇၄ သန်းခန့် သယ်ယူ ပို့ဆောင်ခဲ့

Mon, 05/13/2013 - 10:54 -- admin
Undefined

တနင်္လာနေ့ ၂၁ ဇန်နဝါရီလ ၂၀၁၃ 10:41 AM 

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ထိုင်း နိုင်ငံ လေကြောင်း ဦးစီဋ္ဌာန Airports of Thailand (AOT) စက်မှု နည်းပညာ ဦးစီး ဋ္ဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌ၊ Senior Executive vice President Engineering Construction and Acting President ၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ဖော်ဆောင်ရေး ဋ္ဌာန ဥက္ကဋ္ဌ Somchai Sawasdeepon မှ ပြီးခဲ့သော နှစ်က ထိုင်းနိုင်ငံ အတွင်းရှိ လေဆိပ် (၆)ခု ဖြစ်သော သုဝဏ္ဏ ဘုမ္မိ (suvarnabhumi)၊ ဒွန်းမောင်း (Dong Meaung)?၊ ချင်းမိုင် (Chiang Mai)၊ ဖူးခက် (Phuket)? ဟရိုင်း (Hatyai) နှင့် ချင်းရိုင်း (Chiang Rai) စသော လေဆိပ် များ၌ အသုံးပြုသူ ခရီးသည် စုစုပေါင်း ၇၄ သန်းကျော် ရှိရာတွင် လေယာဉ်စီး ခရီးသည် ၄၈ သန်း ခန့်မှာ ထိုင်းနိုင်ငံသားများ မဟုတ်ကြောင်း ပြောကြား ခဲ့ပါတယ်။ လေဆိပ် ၆ ခုတွင် ဆင်းသက် ခဲ့သော လေကြောင်း ခရီးစဉ် (၄၉၆၇၄၉) အနက် (၂၇၅၄၂၂) မှာ နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ ဖြစ်ပြီး သုဝဏ္ဏဘူမိ လေဆိပ် တစ်ခုတည်း၌ပင် ခရီးသည်ပေါင်း ၅၁ ဒသမ ၄၆၂ သန်း ရှိခဲ့ကာ လေကြောင်း ခရီးစဉ် ပေါင်း ၃၁၂၄၉၃ ပျံသန်း ခဲ့ကြောင်း ထိုင်းနိုင်ငံ လေကြောင်း ဦးစီးဋ္ဌာန (AOT) ထုတ်ပြန် ကြေငြာချက်ကို ကိုးကားပြီး ပြောကြားခဲ့ ပါတယ်။

ဆက်လက်ပြီး လေဆိပ် တိုးချဲ့ရေး စီမံကိန်းများနဲ့ ပတ်သက်ပြီး ၂၀၁၁-၂၀၁၇ ခုနှစ်၊ ဖွံ့ဖြိုးရေး ဘတ်ဂျက် အရ သုဝဏ္ဏဘူမိ လေဆိပ် တိုးချဲ့မှု ဒုတိယ အဆင့် အဖြစ် အဆောက် အဦ ဒီဇိုင်း ပုံကြမ်း ရေးဆွဲခြင်း လုပ်ငန်း အပေါ် လေလံပွဲ တစ်ရပ် ကျင်းပပေးရေး အတွက် လိုအပ်သော လုပ်ထုံး လုပ်နည်း ပိုင်းဆိုင်ရာ အချက် အလက်များအား အသေးစိတ် စိစစ်ပြီး ညွှန်ကြားချက်များ ထုတ်ပြန်ရန် အမြဲတမ်း အတိုင်ပင်ခံ ခန့်အပ်ခြင်း၊ ယာယီ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း များအား (ဗဥွှ) မှ လုပ်ဆောင် ခဲ့ပြီး ဖြစ်ကြောင်းနဲ့ အဆိုပါ လေလံပွဲ အနိုင်ရ ကုမ္ပဏီ အနေဖြင့် လာမဲ့ ဧပြီလမှာ အဆောက် အဦ ပုံကြမ်း တင်ပြပေးရန် လိုအပ်တယ်လို့ သိရပါတယ်။

အဆောက် အဦ ပုံကြမ်း ရေးဆွဲမှုမှာ ခရီးသည် နားနေဆောင်၊ အများသုံး ဝန်ဆောင်မှု စနစ်နဲ့ လူထု ဆက်သွယ်ရေး စနစ် စတဲ့ စီမံကိန်း (၃)ရပ် ပါဝင်ရမဲ့ အပြင် ကန်ထရိုက်များနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် စစ်ဆေးရေး အဖွဲ့ များကိုလည်း လာမဲ့ ဩဂုတ်လ အတွင်း ငှားရမ်း ခန့်အပ် သွားရန် စီစဉ် ထားတယ်လို့ သိရပါ တယ်။ လေဆိပ်ရဲ့ ဝန်ဆောင်မ ပေးနိုင်စွမ်းနဲ့ စပ်လျဉ်းပြီး လေဆိပ် တိုးချဲ့ရေး ၄ နှစ် စီမံကိန်း အပြီး ၂၀၁၄ ခုနှစ် အရောက်မှာ ဖူးခက် လေဆိပ်ဟာ ၁၂ ဒသမ ၅၀ သန်း အထိ ဝန်ဆောင်မှု ပေးနိုင်စွမ်း ရှိလာမယ်လို့ မျှော်မှန်း ထားပါတယ်။ လက်ရှိ အချိန်မှာ ခရီးသည် ၆ ဒသမ ၅၀ သန်းကို ဝန်ဆောင်မှု ပေးလျက် ရှိကြောင်း၊ ဒွန်မောင်း လေဆိပ် ဖွံ့ဖြိုးရေး အစီအစဉ်တွင် ခရီးသည် နားနေဆောင် ၂ ခုမှ နားနေဆောင် ၅ ခု၊ အထပ် ၅ ထပ်ပါ ယာဉ်ရပ်နား အဆောက်အဦနဲ့ လူထု ဆက်သွယ်ရေး စနစ်များ ပါဝင်ကြောင်း၊ ၂၀၂၆ ခုနှစ်အထိ နိုင်ငံတကာ စံချိန်စံညွှန်း ပြည့်မီသော တစ်နည်း အားဖြင့် ခရီးသည် ၂၇ ဒသမ ၅၀ သန်းထိ ဝန်ဆောင်မှု ပေးနိုင်စွမ်း ရှိသော လေဆိပ် အဖြစ်သို့ အဆင့်မြှင့်တင် ပေးသွားမယ်လို့ Somchai Sawasdeepon က ပြောကြားခဲ့ကြောင်း M.O.C.T Online News မှာ ဖော်ပြ ထားပါတယ်။

Source: M.O.C.T Online News မြင့်ရှိန် (မြဝတီ)

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံး လစာ တိုးမြှင့် ပြီးနောက် စက်ရုံ အချို့ ပိတ်ခဲ့ရ

Mon, 05/13/2013 - 10:52 -- admin
Undefined

စနေနေ့ ၁၉ ဇန်နဝါရီလ ၂၀၁၃ 12:39 PM

ထိုင်း နိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မ စပြီး အနိမ့်ဆုံး လစာ တစ်နေ့ ဘတ် ၃၀ဝ နှုန်း တပြေးညီ သတ်မှတ် လိုက်တဲ့ အတွက် ဘန်ကောက်၊ တာချ်၊ ဆလာပူရီ၊ ဘီဆနဲ့ ဘူရီလန် စတဲ့ ခရိုင်များမှာ အလုပ်သမား ငှားရမ်းခ မတတ်နိုင်၍ စက်ရုံ အချို့ ပိတ်ခဲ့ ရသလို အလုပ်သမား ထောင်ချီ လျော့ချ ခဲ့ရပါတယ်။ တာ့ခ်ခရိုင်မှာ အထည်ချုပ်၊ လျှပ်စစ် ပစ္စည်းနဲ့ ကြွေထည် မြေထည် စတဲ့ စက်ရုံ (၈) ရုံပိတ် လိုက်ရပြီး အလုပ်သမား (၁၀ဝဝ) ကျော် အလုပ် ဖြုတ်ခဲ့ ရတယ်လို့ ထိုင်းနိုင်ငံ သတင်းမှာ ဖော်ပြထား ပါတယ်။

အနိမ့်ဆုံး လစာ တိုးပေးရတဲ့ အတွက် အလုပ်ရှင်များ နစ်နာမှု မရှိအောင် အစိုးရ အနေနဲ့ အလုပ်သမားများ အတွက် အလုပ်ရှင်မှ ပေးသွင်းရသော လူမှု အာမခံကြေး ၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ လျော့ချ ပေးခြင်း၊ ရင်းနှီး မတည်ငွေ အတိုးနှုန်း လျော့ချ ပေးခြင်းများ ပြုလုပ် ပေးခဲ့ သော်လည်း အလုပ်ရှင်များ အတွက် ချေမကိုက်ဘဲ ဖြစ်နေကြောင်း၊ ဒီပြဿနာ ဖြေရှင်း ပေးနိုင်ရေး အတွက် အစိုးရမှ ပြဌာန်းချက် တစ်ခုခု ထုတ်ပေးရန် လိုကြောင်း၊ အိမ်နီးချင်း မြန်မာ နိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံ ဖွင့်ရန် အခြေခံ အဆောက် အဦ ခိုင်ခိုင် မာမာ မရှိသေးကြောင်း၊ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် လုပ်သား ဈေး သက်သာသော နေရာသို့ ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့ နိုင်ကြောင်း၊ အလုပ်သမား ရွှေ့ပြောင်းမှု ပို၍ များလာ နိုင်ကြောင်း၊ တရားမဝင် အလုပ်သမားများကို ငှားရမ်း သုံးစွဲ လာနိုင်ပြီး သုံးစွဲသော အခါ မတရား ဖိနှိပ်မှုများ ထပ်မံ ပေါ်လာ နိုင်တယ်လို့ သတင်းမှာ ရေးသားထား ပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း ဆရပူရီခရိုင် ဂီဟန်ဒိုင် မြို့နယ်ရှိ ဂီနာကာမေလ် အတွင်းခံ အင်္ကျီချုပ် စက်ရုံကို ကြိုတင် အကြောင်း မကြားဘဲ ပိတ်လိုက်တဲ့ အတွက် အလုပ်သမား နစ်နာကြေး ရရှိရန် အလုပ်သမား (၂၀ဝ) ကျော်ခန့် ဇန်နဝါရီလ ၂ ရက်နေ့က အလုပ်သမား ကာကွယ်ရေး ရုံးမှာ ဆန္ဒပြ ခဲ့ပြီး အလားတူ နခွန်းရာ့ချ်ဆီမား ခရိုင်မှာ စက်ရုံ၊ အလုပ်ရုံ (၄)ခု ပိတ်လိုက် သောကြောင့် အလုပ်သမား (၈၀ဝ)ကျော် အလုပ်ပြုတ် သွားခဲ့ရ ပါတယ်။ ဆူရင်း ခရိုင်မှာလည်း ဖိနပ်ချုပ် စက်ရုံ (၁) ရုံနဲ့ အထည်ချုပ် စက်ရုံ (၁)ရုံ ပိတ်လိုက် သောကြောင့် အလုပ်သမား (၄၀ဝ)ကျော် အလုပ် လက်မဲ့ဖြစ် ခဲ့ပြီး ပူရီရမ် ခရိုင်မှာလည်း အလုပ်လက်မဲ့ (၁၂၀)ဦး ရှိကြောင်း၊ မြန်မာ ပြောင်းရွှေ့ အလုပ် သမား အများအပြား လုပ်ကိုင် နေသည့် ချင်းမိုင် ခရိုင်တွင် အလုပ်သမား တစ်ချို့သာ တစ်နေ့ ဘတ်(၃၀ဝ) ရရှိပြီး အများစုမှာ မရရှိ သေးကြောင်း သတင်းတွင် ဖော်ပြထား ပါတယ်။

Source:Online manager (မြင့်ရှိန်၊ မြဝတီ)

တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံ သွားမည်ဟု အိန္ဒိယ အစိုးရမှ ထုတ်ပြန်

Mon, 05/13/2013 - 10:51 -- admin
Undefined

သောကြာနေ့ ၁၈ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

အိန္ဒိယ အစိုးရသည် ပြည်တွင်း စက်မှု လုပ်ငန်းများကို အကာ အကွယ်ပေးရန် တရုတ်နိုင်ငံမှ တင်သွင်းသော သံမဏိ ပစ္စည်း အချို့ အပေါ် သွင်းကုန်ခွန် ၂ဝ ရာခိုင်နှုန်း စတင် ကောက်ခံ သွားမည်ဟု ဇန်နဝါရီလ လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါသည်။

သံမဏိ အဆင့် ၃ဝ၄ မှ ထုတ်လုပ်သော သံပြား အလိပ်များ၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်း နှင့် အထက် ပါရှိသော သံမဏိ အဆင့် အားလုံး အပေါ် ပြည်တွင်း ထုတ်လုပ်မှု များအား အကာ အကွယ် ပြုသော ဂျူတီ (Safeguard duty)ကို စည်းကြပ် သွားမည်ဟု သိရသည်။

Motilal Oswal Securities မှ ဝါရင့် ဒုတိယ ဥက္ကဌ၊ Sanjay Jain က အိန္ဒိယတွင် အဆင့် ၂ဝဝ အမျိုး အစား သံမဏိ ပစ္စည်းတွင် ယှဉ်ပြိုင်မှု များစွာ ရှိပြီး အဆင့် ၃ဝဝ အမျိုးအစား နှင့်မူ ယှဉ်ပြိုင် ထုတ်လုပ်မှု မရှိကြောင်း၊ အဆင့် ၃ဝ၄ အမျိုးအစား သတ္ထုသည် အရည် အသွေး ကောင်းမွန်ပြီး ဈေးလည်း ကြီးမြင့်ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ဝန်ကြီး ဌာန ဝက်ဘ်ဆိုဒ်၌ အဆင့် ၃ဝ၄ အမျိုးအစား၊ ခရိုနီယမ် သို့မဟုတ် နီကယ် ၆ ရာခိုင်နှုန်းကျော် ပါဝင်သော သံမဏိ ပစ္စည်းများ အပေါ် အခွန်စည်းကြပ် တော့မည် ဆိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင် အိန္ဒိယ သံမဏိ လုပ်ပိုင်ခွင့် ရှိသူများ အကြားရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက် ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာမူ ၁ ဒသမ ၈ ရာခိုင်နှုန်းထိ လျော့ကျ သွားခဲ့ပါသည်။

ထုတ်ပြန်ချက်တွင် သွင်းကုန်ခွန် စည်းကြပ်ခြင်းသည် ပြည်တွင်း သံမဏိ လုပ်ငန်းများအား အကာအကွယ် ပေးရန် ရည်ရွယ် စည်းကြပ်ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း သံမဏိ လုပ်ငန်းများသည် အိန္ဒိယ၏ GDP တွင် ၂ ရာခိုင်နှုန်း နီးပါး ပါဝင်ပြီး လူ ၅ဝဝဝဝ ကျော်ကို အလုပ် အကိုင် ပေးလျက် ရှိကြောင်း ဖော်ပြထား ပါသည်။

ယခု ကဲ့သို့ စည်းကြပ်ခွန် ပြဌာန်းခြင်းသည် ပြည်တွင်း ထုတ်လုပ်မှုများ အတွက် အိန္ဒိယ အစိုးရ၏ ထူးထူး ခြားခြား အကာ အကွယ် ပေးခြင်း ဖြစ်ကြောင်း၊ သံမဏိ လုပ်ငန်းများ၏ အခက်အခဲကို နားလည်မှုရှိစွာ ထည့်သွင်း စဉ်းစား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Jain က ပြောကြား ပါသည်။

အိန္ဒိယ နိုင်ငံသည် ကမ္ဘာ့ သံမဏိ စတုတ္တမြောက် အများဆုံး ထုတ်လုပ်သော နိုင်ငံ ဖြစ်သော် ငြားလည်း ယခု လတ်တလောတွင် အများဆုံး တင်သွင်းသော နိုင်ငံ ဖြစ်လာ နေခြင်းကြောင့် သွင်းကုန်ခွန် အသစ် စည်းကြပ် ရခြင်း ဖြစ်ပါသည်။ ၂ဝဝ၅- ၂ဝဝ၆ ခုနှစ်များတွင် အိန္ဒိယ နိုင်ငံသည် သံမဏိ ပစ္စည်းများကို နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းခန့် တိုးတက် ထုတ်လုပ် ခဲ့သော်လည်း ၂ဝဝ၅- ၂ဝဝ၆ နောက်ပိုင်း (၆) နှစ်ကျော်တွင် သံမဏိ သုံးစွဲမှုသည် ၉ ဒသမ ၆ ရာခိုင်နှုန်းကျော် တိုးတက် လာနေသည်ဟု သိရသည်။

အိန္ဒိယသို့ သံမဏိ တင်သွင်းသော နိုင်ငံများတွင် တရုတ် နိုင်ငံသည် တတိယ နေရာတွင် ရှိနေပြီး သွင်းကုန် ခွန် ၂ဝ ရာခိုင်နှုန်း စည်းကြပ်ရန် ထုတ်ပြန်ခြင်းသည် တရုတ် သံမဏိ သွင်းကုန်များ တိုးမြင့်လာ ခြင်းကြောင့် ပြည်တွင်း ထုတ်လုပ်သူများအား အကာ အကွယ် ပေးရန်မှ အခြား မရှိနိုင်ဟု သုံးသပ်လျက်ရှိ ပါသည်။

Source: blogs.ft.com ---CMK

Mobile Team ပညာပေး ကာလ ကျော်လွန်လျှင် ဥပဒေအရ အရေးယူခြင်းခံရမည်

Mon, 05/13/2013 - 10:49 -- admin
Undefined

သောကြာနေ့၊ ၁၈ ဇန်နဝါရီလ ၂၀၁၃ 14:50 PM

မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်းတွင် စက်သုံး ဆီပြီလျှင် ဒုတိယ အများဆုံး ဝင်နေသည့် ကုန်ပစ္စည်း ဖြစ်သော ဘီယာသည် မိမိတို့ ဘက်သို့ တရားမဝင် တင်သွင်း နေခြင်း ဖြစ်ကြောင်း၊ အဆင့်ဆင့် စိစစ် တားဆီး ရာတွင် Mobile Team မှ အများဆုံး ဖမ်းဆီး ရမိနေကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များကို အဓိက ပြောကြား လိုသည်မှာ တရားဝင် လမ်းကြောင်းပေါ်မှ ဆောင်ရွက်မှု များသည် အန္တရာယ် ကင်းကင်းနှင့် ဆောင်ရွက်နိုင်ပြီး တရားမဝင် သွားသည့် ပစ္စည်း များသည် Mobile Team မှ တားဆီး ထိန်းသိမ်းသည့် အနေအထားမှ ဥပဒေ အရ အရေးယူခြင်း ခံရသည့် အခြေအနေထိ ရောက်ရှိ သွားမည် ဖြစ်ကြောင်း မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းက ကုန်သည် လုပ်ငန်းရှင် များကို အသိပေး ပြောကြားခဲ့ သည်ဟု သတင်း ရရှိသည်။

စားသုံးသူ အကာ အကွယ် ပေးရေးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးရေး Mobile Team အဖွဲ့၏ ထိန်းသိမ်း ပေးမှုကြောင့် မြဝတီ နယ်စပ် ကုန်သွယ်ရေး ဇုန်၏ ဒီဇင်ဘာလ ကုန်သွယ်မှု ပမာဏသည် ယမန်နှစ် ကာလတူ ထက် ကန်ဒေါ်လာ ၃၇ သန်းကျော် ပိုမို ဆောင်ရွက် လာနိုင်မှုသည် ထင်ရှား သိသာသော အချက်ပင်ဖြစ် ပါသည်။ အားလုံး ဘက်ပေါင်းစုံ တက်ညီ လက်ညီ ဆောင်ရွက် ခဲ့ကြ၍ ဖြစ်ပြီး နိုင်ငံတော်ပိုင်း မှလည်း ဆောင်ရွက်နိုင်သည့် ကုန်သွယ်မှု ပမာဏသန်း ၄ဝ နှင့် ညီမျှသော အခွန် ရရှိ သွားမည်ဖြစ် ပါသည်။

ပညာပေး ကာလ အတွင်းတွင် Mobile Team အဖွဲ့သည် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန/ စခန်းတို့မှ ခွင့်ပြု ထုတ်ပေးသည့် လိုင်စင်နှင့် အခွန်ပေး ဆောင်ပြီး အချိန်နှင့် တပြေးညီ စစ်ဆေးခံ သယ်ဆောင်၍ ရနိုင် သော်လည်း လိုင်စင်/ ဂျူတီမဲ့၊ အပို/ အလွဲများ၊ ကန့်သတ် ကုန်များကို ထိန်းသိမ်း ထားမည်ဖြစ်ပြီး လိုင်စင်၊ ID လုပ်ပေးပြီး မှသာ ပြန်လည် သယ်ယူခွင့် ရရှိမည် ဖြစ်ကြောင်း၊ ပညာပေး ကာလ ကျော်လျှင်မူ ဥပဒေ အရ အရေးယူမှုအား ဆောင်ရွက် သွားမည် ဖြစ်သည့် အတွက် ကုန်သည် လုပ်ငန်းရှင်များ အပိုင်းမှ နစ်နာမှု မရှိစေရေး တရားဝင် လမ်းကြောင်းမှသာ ကုန်သွယ်မှု ပြုကြရန် နှင့် လိုအပ်သည့် ကိစ္စများ ရှိလျှင် (OSS) အဖွဲ့၊ ဒေသ အုပ်ချုပ်ရေးအဖွဲ့၊ ကုန်သည်ကြီးများ အသင်းတို့ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဟု မြဝတီ စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းကအသိပေး ပြောကြား ခဲ့သည်ဟု သတင်း ရရှိပါသည်။

Mobile Team အဖွဲ့ (၂) အနေနဲ့ အများဆုံး စစ်ဆေး တွေ့ရှိရတဲ့ ကန့်သတ် ကုန်ပစ္စည်း များမှာ ဘီယာ၊ (Leo, Heinken, Singha, Folsom, Diablo) ဝိုင် (Spy)တို့ အများဆုံး ဖြစ်နေ ပါတယ်။

Source: နကသ (မြဝတီ); MTN

စက်သုံးဆီများ တရားဝင် လမ်းကြောင်း ပေါ်သို့ သိသိသာသာ ရောက်ရှိလာ

Mon, 05/13/2013 - 10:48 -- admin
Undefined

ကြာသပတေးနေ့၊ ၁၇ ဇန်နဝါရီလ ၂၀၁၃ 15:10 PM

မြဝတီနယ်စပ်တွင် တစ်ဖက်နိုင်ငံမှ အများဆုံး တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဘီယာနှင့် စက်သုံး ဆီတို့ ဖြစ်ပြီး စက်သုံးဆီသည် တရားဝင် လမ်းကြောင်းပေါ်သို့ စတင်သွားနေပြီ ဖြစ်ကြောင်း မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းက ဒီဇင်ဘာလ နှောင်းပိုင်းကပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စက်သုံးဆီ တင်သွင်း ခွင့်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ တရားဝင် တင်သွင်းခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ဒေသတွင်း သုံးစွဲရန် ဒေသသုံး ငွေကြေးဖြင့် ခွင့်ပြု ပေးထားပြီး နိုင်ငံ အတွင်း မည်သည့် နေရာသို့ မဆို သယ်ယူ နိုင်ရေးကို Normal LC/TT စနစ်ဖြင့် ခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီ တင်သွင်းမှုသည် တရားဝင် လမ်းကြောင်း ပေါ်သို့ သိသိ သာသာ ရောက်ရှိလာသည့် အနေ အထား ရှိနေခြင်း ဖြစ်သည်ဟု ဦးရန်နိုင်ထွန်းက ကုန်သည် လုပ်ငန်းရှင်များကို အသိပေး ပြောကြားခဲ့ သည်ဟု သိရသည်။

အောင်နန်းသာ ကုမ္ပဏီ မန်နေဂျာ ကိုနေလင်းထွဋ်မှ စက်သုံးဆီကို ကျပ် လိုင်စင်ဖြင့် လျှောက်ထား လိုပြီး ကျပ် လိုင်စင်ဖြင့် တင်သွင်းသော စက်သုံးဆီကို မည်သည့် ဒေသထိ သယ်ဆောင် ခွင့်ပြုသည်ကို ညွှန်ကြား ထားချက်နဲ့ မည်သည့် အတွက်ကြောင့် ပြည်တွင်းသို့ သယ်ဆောင်၍ မရသည်ကို သိလိုကြောင်း၊ အခွန်အခ ပေးဆောင် ထားတာချင်း အတူတူ တစ်နိုင်ငံလုံး သွားလို့ ရမည့် ကိစ္စအား Mobile Team မှ မည်သည့် အတွက် တားဆီး ထားသည်၊ ဒေသ ကန့်သတ်ချက် မည်သည့် အတွက် ထားရသည်ကို သိလိုကြောင်း မေးမြန်းခဲ့ ပါသည်။ စခန်း တာဝန်ခံ ဦးရန်နိုင်ထွန်းမှ မူလက စက်သုံးဆီ တင်သွင်းမှုကို ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိရန် စီမံခဲ့ကြောင်း၊ ၂ဝဝ၅ ခုနှစ်တွင် EISC ဝန်ကြီး ၄ ပါး မူဆယ်သို့ သွားပြီး (Border Trade rS Normal Trade) နယ်စပ် ကုန်သွယ်ရေးမှ နယ်စပ် ဖြတ်ကျော် ပုံမှန် ကုန်သွယ်ရေးသို့ ပြောင်းလဲရန် ဆောင်ရွက် ခဲ့ကြောင်း၊ အလားတူ ကျန်နယ်စပ် စခန်း များတွင်လည်း နယ်စပ် ဖြတ်ကျော် ပုံမှန် ကုန်သွယ်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ယခု အစိုးရသစ် လက်ထက်မှာ ကုန်သွယ်မှု ကဏ္ဍတွင် ဖြေလျော့မှု များစွာ လုပ်ဆောင် ပေးခဲ့ပြီး ဖြစ်ကြောင်း၊ Auto နဲ့ ြ Non-Automatic လိုင်စင် စနစ် ခွင့်ပြု ပေးထားကြောင်း ရှင်းလင်း ပြောကြား ပါသည်။

ဆက်လက်၍ ၂ဝ၁၂ ခုနှစ် မတ်လ အတွင်းက ဌာန ဆိုင်ရာ အကြီး အကဲများ မြဝတီသို့ လာရောက် ခဲ့တဲ့ ခရီးစဉ်မှာ ဒေသခံ ကုန်သည်များရဲ့ တင်ပြချက် အရ လမ်းကြောင်း ပေါ်မှ တရားဝင် သွားလို ကြတဲ့ အတွက် လိုင်စင် လျှောက်ထားမှု အပိုင်းမှာလည်း ကျပ်/ ဒေါ်လာ စသဖြင့် လျှောက်ထားခွင့် ဖြေလျှော့ ပေးခဲ့ပြီး ကျပ်/ ဒေါ်လာ စသည်ဖြင့် ကြိုက်နှစ်သက်ရာ ဆောင်ရွက် နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ ဤဒေသ၏ လိုအပ်ချက် အရ ပြည်နယ် အစိုးရမှ အထက်ဌာနသို့ တင်ပြချက် အရ မိမိတို့ ဝန်ကြီး ဌာနနှင့် ညှိနှိုင်းပြီး ကရင်နှင့် မွန်ပြည်နယ် ဒေသတွင်း သုံးရန် ကျပ် လိုင်စင်ဖြင့် ၂ဝ၁၂ ခုနှစ် မတ်လ ကပင် စတင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း၊ အသေးစိတ် ပြန်လည် ရှင်းလင်း ပြောကြားခဲ့ သည်ဟု သတင်း ရရှိပါသည်။

Source: မြဝတီနယ်စပ် း MTN

လာမဲ့အပတ်များမှာ မလေးရှား ရော်ဘာဈေးများ ဆက်လက် မြင့်တက်ဖွယ်ရှိ

Mon, 05/13/2013 - 10:45 -- admin
Undefined

ကြာသပတေးနေ့။ ၁၇  ဇန်နဝါရီလ ၂၀၁၃ 08:10 AM

ထုတ်လုပ်မှု ပိုင်းမှာ ကန့်သတ်ချက် ရှိနေတဲ့ အတွက် လာမဲ့ အပတ်များမှာ မလေးရှား ရော်ဘာ ဈေးများ ဆက်လက် မြင့်တက်ဖွယ် ရှိတယ်လို့ မျှော်မှန်း နေကြပါတယ်။ မိုးရာသီကြောင့် ရော်ဘာ ထုတ်လုပ်မှု ကျဆင်း လာခြင်းဟာ ရော်ဘာ ဈေးများကို ဆွဲတင်ရာ ရောက်နေတယ်လို့ အရောင်း သမား တစ်ဦးက ဆိုပါတယ်။ တရုတ်နိုင်ငံမှ ရော်ဘာ လက်အိတ် ထုတ်လုပ်မှု လုပ်ငန်းများရဲ့ လိုအပ်ချက် အရ ရော်ဘာ ဝယ်လိုအား မြင့်တက် လာခြင်းကြောင့် မလေးရှား ရော်ဘာ ဈေးကို မြင့်တက် စေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ နှစ်ဆန်း ၁ ရက်နေ့ မှာတော့ နှစ်သစ်ကူး အားလပ် ရက်ကြောင့် ဈေးပိတ် ခဲ့ပါတယ်။ အပတ်စဉ် သောကြာနေ့ အခြေခံတဲ့ မလေးရှား ရော်ဘာ ဘုတ် အဖွဲ့ဟာ တာယာ ထုတ်လုပ်မဲ့ SMR-20 ဈေးဟာ ၁ ကီလိုကို ၉၂၃ ဆင်န်သို့ လည်းကောင်း၊ Latex ဝမ်ပုံဈေးဟာ ၁ ကီလိုကို ၆၁၄ ဆင်န်သို့လည်းကောင်း တက်သွားပါတယ်။ ယခင်ဈေးများက SMR-20 ၁-ကီလိုကို ၉၀၃ ဆင်န်နဲ့ Latex ဝမ်ပုံ ဈေးဟာ ၆၀ဝ ဆင်န်ဝန်းကျင် ဖြစ်ပါတယ်။

Source: Bernama, Renton Campoy-CMK

Pages

Subscribe to RSS - Department of Trade