စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းခုျပ်ရေး (Mobile Team) အဖွဲ့ ဆောင်ရွက်ပြီးနောက် အပြောင်းအလဲ ရှိလာတဲ့ ကုန်သွယ်မှုပမာဏ

Tue, 12/04/2012 - 15:45 -- Anonymous (not verified)

  မူဆယ်-မန္တလေး ကုန်စည်လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းခုျပ်ရေး အဖွဲ့ (Mobile Team) ဟာ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ကုန်သည်များ လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ဟန့်တားခြင်း၊ ပညာပေးခြင်း၊ ယာယီ သိမ်းဆည်းထားတဲ့ ပစ္စည်းများအတွင်းမှ လိုင်စင်ဆောင်ရွက်ပေးနိုင်သည်များကို လိုင်စင်ပြုလုပ်ပေးခြင်း၊ အန္တရာယ်ရှိ ပစ္စည်းများအား ရုံးချုပ်သို့ တင်ပြကာ ဖျက်ဆီးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။

   လှုပ်ရှားတားဆီးရေးအဖွဲ့ဟာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၂ ရက်ထိကာလအတွင်း အတက်အဆင်း ယာဉ်ကြီး ၄၆ စီး၊ မှန်လုံယာဉ် ၁၁၄ စီးနဲ့ ယာဉ်ငယ် ၃၁၅ စီးကို စစ်ဆေးခဲ့ရာမှာ လူစီးမှန်လုံယာဉ် ၄ စီး၊ ယာဉ်ငယ် ၁၁ စီး၊ Light Truck ယာဉ် ၃ စီး၊ လေးလုံးထိုး ထော်လာဂျီ ၆ ဘီးယာဉ် ၁ စီး၊ ဆိုင်ကယ် ၁ စီးနှင့် ကွင်းလမ်းစုပုံ ၂ ကြိမ်မှ လိုင်စင်မဲ့ ကုန်ပစ္စည်းမျိုးစုံအား ယာယီ သိမ်းဆည်းခဲ့ပြီး လိုင်စင်ဆောင်ရွက်ပေးနိုင်သည့် ပစ္စည်းများအား လိုင်စင်ပြုလုပ်ပေးခြင်း၊ စားသုံးရန်မသင့်တဲ့ စားသောက်ကုန်များကို ရုံးချုပ်တင်ပြ ဖျက်ဆီးခြင်း၊ မိမိတို့ယာယီ ထိန်းခုျပ်နိုင်ခြင်းမရှိသေးတဲ့ လားရှိုး-မန္တလေး လမ်းကြောင်းအတွက် ရရှိသတင်းများအား မန္တလေး နယ်စပ်ကုန်သွယ်ရေးရုံးမှတစ်ဆင့် မန္တလေး အကောက်ခွန်ဦးစီးဌာနသို့ သတင်းချပြပြီး ၁၆ မိုင် စစ်ဆေးရေးဂိတ်မှ ဟန့်တားစေခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ လှုပ်ရှားမှုကာလနဲ့ ယခင်ကာလတူကို နှိုင်းယှဉ်ကြည့်ရာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၅ ရက်နေ့ထိကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၇ သန်း တိုးတက်မှုရှိလာပြီး နိုဝင်ဘာလ ၆ ရက် နေ့မှ ၁၂ ရက်နေ့ထိ ကန်ဒေါ်လာ ၁၁ ဒသမ ၈၂၄ သန်း တိုးတက်မှုရှိလာ ကြောင်းတွေ့ရှိရတယ်လို့ သတင်း ရရှိပါတယ်။

   တရားမဝင် သွားရောက်နေသူအများစု လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာကြပြီး ပြည်သူလူထု အန္တရာယ်ဖြစ်စေနိုင်တဲ့ လူသုံးကုန်နှင့် စားသောက်ကုန်များ ဝင်ရောက်မှုကိုပါ ကာကွယ်ဟန့်တားသွားနိုင်မှာ ဖြစ်ကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။

 

အေးအေးမြ