ကုန်သွယ်မှုတိုးမြှင့်ရေး ကုန်သည်လုပ်ငန်းရှင်များနဲ့ ပူးပေါင်းညှိနှိုင်းဆွေးနွေးမည်

Mon, 05/13/2013 - 03:35 -- admin

အင်္ဂါနေ့၊ ၀၁ ဇန်နဝါရီလ ၂၀၁၃ 19:25 PM

ကုန်သွယ်မှု ပမာဏ တိုးတက်ရေးနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်များ လုပ်သာ ကိုင်သာရှိစေရန် ကုန်သွယ်မှုမှာ ကြုံတွေ့ရတဲ့ အခက်အခဲများ၊ အတားအဆီးများ ညှိနှိုင်း အဖြေရှာပြီး ကုန်သွယ်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စေရန်၊ ကုန်သွယ်မှုမှာ ဖြေလျော့ ပေးသင့်တဲ့ အချက်များနဲ့ စပ်လျဉ်းပြီး ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ ဆွေးနွေး ညှိနှိုင်းရန်နဲ့ ကုန်သွယ်မှု လျာထားချက်များ ပြည့်မီ ကျော်လွန်စေရေး

ဝိုင်းဝန်း ကြိုးပမ်းရန် ရည်ရွယ်ချက်များနဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ လစဉ် ကျင်းပလျက်ရှိပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၃းဝဝ ချိန်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ စခန်း တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဦးဟန်က ကုန်သွယ်မှု မြှင့်တင်ရေး အတွက် ကုန်သည်များ အပိုင်းမှ စီစဉ် ဆောင်ရွက်ပေးရမယ့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် ကုန်သည် လုပ်ငန်းရှင်များနဲ့ ပူးပေါင်း ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်နိုင်ရေး အတွက် ကုန်သည်များ၊ လုပ်ငန်းရှင်များဟာ အရင်းအနှီးနဲ့ ဈေးကွက် အခြေအနေနဲ့ စိန်ခေါ်မှုများကို အမြဲရင်ဆိုင် ဆောင်ရွက်နေ ရကြောင်း၊ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးမှာ ဈေးကွက်ကို အချိန် စောစီးစွာ ရောက်ရှိရေး၊ လမ်းခရီး တစ်လျှောက် ကုန်သွယ်မှု ကုန်ကျစရိတ် အလျော့နည်းဆုံးနဲ့ ဈေးကွက်သို့ ချောမွေ့စွာ ရောက်ရှိရေး နှစ်ချက်သည် အရေးပါတယ်။ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် ID/ED ဆောင်ပြီး တရားဝင် ကုန်သွယ်မှု ပြုရာမှာ အချိန်ကြန့်ကြာမှု၊ အခွန်ပေးဆောင်မှုများ ရှိနေသော်လည်း တရားမဝင် သွားတာက ပိုမို မြန်ဆန်နေခြင်း အတွက် အထက်လူကြီးများ အကြိမ်ကြိမ် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း အဖြေရှာခြင်းနဲ့သာ အချိန်ကုန်နေရတာ တွေ့ရကြောင်း၊ လိုင်စင်ကြောင့် ကြန့်ကြာတယ်၊ ဘယ်အရာကြောင့် နှောင့်နှေးမှု ဖြစ်နေရတယ် ဆိုတာကို ပွင့်ပွင့် လင်းလင်း ဆွေးနွေး ပေးစေလိုတယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

တရားဝင် ကုန်သွယ်မှု ပြုသူများအား အကာအကွယ်ပေးနိုင်ရေး အတွက် Mobile Team အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကို ဟန့်တား စစ်ဆေးပြီး ဒဏ်ကြေးပေးဆောင်တဲ့ အပြစ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ITC ကဒ်များ ထုတ်ပေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးများက တင်ပြချက်များ အပေါ် ဌာန အကြီးအကဲများက အလေးအနက်ထား အရေးယူ ဆောင်ရွက်ပေးနေတဲ့ အတွက် ပွင့်ပွင့် လင်းလင်း အကြံပြု ဆွေးနွေးစေခဲ့တယ်လို့ သိရပါတယ်။

ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ITC ကဒ်နဲ့ သွင်းကုန် လုပ်ဆောင်ခွင့်ရှိတဲ့ ပစ္စည်း ၂၄၂ မျိုးရဲ့ ဈေးနှုန်းကို လုပ်ငန်း ဆောင်ရွက်မဲ့သူများ သိရှိနိုင်ရန် အတွက် ကြော်ငြာပေးရန်၊ ITC ကဒ်အား မူလ ခွင့်ပြုထားတဲ့ ခရိုင် ၃ ခု (မူဆယ်၊ လားရှိုး၊ ကျောက်မဲ) အပြင် အခြား ခရိုင်နဲ့ မူဆယ်အနေကြာသူများအား ခွင့်ပြုပေးနိုင်ရေး မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်းမှ အဆိုပြု တင်ပြပေးရန်၊ ကာနေရှင်း ပန်းအစို (Fresh Carnation) တင်သွင်းခွင့်ကို Auto လိုင်စင်ခွင့်ပြု အမယ်တွင် ထည့်သွင်းနိုင်ရေး အထက်ဌာနသို့ တင်ပြပေးရန်၊ နေပြည်တော်မှာ ကားအပိုပစ္စည်း လိုင်စင် လျှောက်ထားရာမှာ စက်မှုဇုန် ထောက်ခံချက် အပြင် မြန်မာနိုင်ငံ စက်မှုလက်မှု ဖွံ့ဖြိုးရေး အသင်း ထောက်ခံချက် ထပ်မံ တောင်းခံခဲ့တဲ့ အတွက် ငွေ၊ အချိန်ကုန်၊ လူပန်း ရသဖြင့် လျော့ချပေးရန် တောင်းဆိုချက်အား အထက်ဌာနသို့ တင်ပြပေးရန်၊ ငရုတ်သီးခြောက် တင်သွင်းရန် လျှောက်ထားလာပါက ရုံးချုပ်သို့ တင်ပြပေးရန်နဲ့ မျိုးဂျင်း တင်သွင်းခြင်းနဲ့ စပ်လျဉ်းပြီး စိုက်ပျိုးရေး ထောက်ခံစာဖြင့် လျှောက်ထားမှု ရှိပါက ရုံးချုပ်သို့ တင်ပြ ပေးရန်တို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

Source: နကသ (မူဆယ်) အေးချမ်းမေ