(၁၂) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ်ကုန်စည်ပြပွဲကြီး မူဆယ် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင်ကျင်းပ

Mon, 12/17/2012 - 10:37 -- Anonymous (not verified)
alt  alt alt

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၁၁ ရက်နေ့ အထိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၀၉း၀၀ ကျင်းပခဲ့ရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး၊ မစ္စတာ ဂေါင်ရှုရှင်းနဲ့ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ညွှန်ကြားရေးမှူး မစ္စတာဝမ်ကျိဝေ တို့မှ အမှာစကားများပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ် ဒုတိယဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ စီးပွားရေးဌာနညွှန်ကြားရေးမှူး၊ မစ္စတာ လီကွေတို့မှ ကုန်စည်ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး မစ္စတာဘူကာဂတ်ဆာရာရတ်၊ ရန်ကုန်အခြေစိုက် ဂျပန်နိုင်ငံ ပြည်ပ ကုန်သွယ် ဆက်ဆံရေးအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာဖူမီတိုတာကာဟာရှီ၊ မန္တလေးအခြေစိုက် တရုတ်နိုင်ငံစီးပွားရေးကောင်စစ်ဝန် မစ္စတာ လီရန်ဇီကွမ်၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်အသင်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်း အဖွဲ့များမှပုဂ္ဂိုလ်များနှင့် ဒေသခံပြည်သူအင်အား (၁၆၈၀) ဦး တက်ရောက်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ယဉ်ကျေးမှုအဖွဲ့၊ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့များနဲ့ ဧည့်ခံဖျော်ဖြေခဲ့ပါတယ်။

ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ နှစ်နိုင်ငံတာဝန်ရှိသူများ၊ ကုန်သည်များနှင့် လူထုအင်အား ၃၂၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ယခုနှစ်ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံဘက်ပြခန်း (၈၈) ခန်း ခင်းကျင်းပြသပြီး ကျောက်မျက်ရတနာ အချောထည်များ၊ သစ်အချောထည်များ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ တိုင်းရင်းဆေးများ၊ စက်မှု ကုန်ထုတ်လူသုံးကုန် ပစ္စည်းများနဲ့ ချယ်ရီရိုးမကုမ္ပဏီမှ ဂျပန်ထုတ်မော်တော်ယာဉ်များ ခင်းကျင်းပြသခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့အား မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ညနေ ၁၄း၀၀ အချိန်တွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်များ အသင်းအစည်းအဝေးခမ်းမ၌ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ကိုဝေတို့ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ နှစ်နိုင်ငံကုန်သွယ်မှုပူးပေါင်း ညှိနှိုင်းရေးကော်မတီ (Joint Border Trade Cooperate & Coordinate Committee) အစည်းအဝေးကို ဆင်လက် ကျင်းပခဲ့ ကြပါတယ်။

ပြပွဲ ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့ ၁၃း၀၀ နာရီတွင် မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း အစည်းအဝေးခမ်းမမှာ နှစ်နိုင်ငံစီးပွားရေးနှင့်သက်ဆိုင်သော နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကျင်းပခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၀၉း၀၀ အချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံ ရွှေလီအထူးစီးပွားရေးစီမံကိန်းစမ်းသပ်ဇုန် ဥက္ကဌတို့ဦးဆောင်သည့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ခမ်လျန်စွမ်း (မူဆယ်)