ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ၏ ရက်ကန်းလုပ်ငန်းအကြောင်း

Thu, 09/15/2022 - 07:56 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် စိုက် ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိကြသော်လည်း မိသားစု၏ပုံမှန်အပိုဝင်ငွေရရှိစေရန်နှင့်စားဝတ်နေရေးအတွက် တစ် ဖက်တစ်လမ်းမှ   အပိုဝင်ငွေရရှိစေရန်အတွက်   တစ်မြို့နယ်လုံးရှိ ကျေးရွာတိုင်းနီးပါးနှင့် မြို့ပေါ်ရှိရပ်ကွက်များပါမကျန် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်လာကြသည်ကို  တွေ့ရှိရ သည်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ လက်ရက် ကန်းလုပ်ငန်းများဖြင့် အလွန်ထင်ရှားသော  ကျေးရွာတစ်ရွာဖြစ်ပြီး  ရက်ကန်းလုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(One Village One Product)အဖြစ် ယခင်တည်းကဆောင်ရွက်လျက်ရှိရာ ထိုရွာမှ တစ်ဆင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် နံ့သာကုန်းကျေးရွာ၊ ချီပါ ကျေးရွာ၊ ဗိုလ်တည်းကုန်းကျေးရွာ၊  ဆိပ်သာကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာ၊ ကြောင်လျှာတောကျေးရွာ၊  ဝါးရုံကန်ကျေးရွာ၊ နှမစားရစ် ကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ ထူးကြီးကျေးရွာ၊  တည်ပင်ကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ စောင်တန်းကျေးရွာ၊  တင့်တယ်ကျေးရွာ၊ ကျောက် မြင့်ကျေးရွာ၊ မင်္ဂလာကျေးရွာ၊ ပန်းရံကျေးရွာ၊   လိပ်ချင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ ကျားကျေးရွာ၊ ဇီးကုန်းလေးကျေးရွာ စသည့် ကျေးရွာများတွင် အဓိက ဆောင်ရွက် လာကြပြီး ယခုအချိန်တွင် တစ်မြို့နယ်လုံးနီးပါး  ဆောင်ရွက်လာကြ သည်ကို တွေ့ရှိရသည်။    
ရက်ကန်းလုပ်ငန်းများ  ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်များ၊  စက် တပ်ဆင်ပြုပြင်နိုင် သည့် စက်ဆရာများ၊ ချည်ထည်ရက်လုပ်ခြင်းကို သင်ပြနိုင်သည့်ဆရာ များ၊ ချည်ထုတ်အမျိုးမျိုး၊  ချည်ဆိုးဆေးအမျိုးမျိုး ရောင်းချသူများ၊ ချည်ဆေးဆိုးခြင်းလုပ်ငန်းလုပ်ကိုင်သူများ၊ ဆေးဆိုးပြီး ချည်အရောင် မျိုးစုံရောင်းချသူများ၊ ချည်ချ၊ ရဟတ်ပုတ်လုပ်ငန်း ဆောင်ရွက်သူများ၊ စည်းဆက်သည့်သူများ၊   ရက်ကန်းအပိုပစ္စည်း မျိုးစုံရောင်းချသူများ နှင့် ရက်လုပ်ပြီးသော  အထည်များကို ပြန်လည်ကောက်သူများ လိုအပ်ပါသဖြင့် ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိသော်လည်း  နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ပါ။ 
ဆိပ်ခွန်ကျေးရွာတွင်   အဆိုပါဆိုင်များနှင့်    လုပ်သားများ လွန်စွာပေါများသည့်အပြင် လူငယ်၊   လူလတ်နှင့်လူကြီးများပါ မကျန် ရက်ကန်းနှင့်ဆက်စပ်သော  လုပ်ငန်းများကို  မိမိနိုင်ရာ  လုပ်ကိုင် ကြပြီး အခြားသော   ကျေးရွာများတွင်လည်း    ဆောင်ရွက်လာ ကြသည်ကို တွေ့ရှိရသည်။  ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များရှိ ရက်ကန်းလုပ်ငန်း  ဆောင်ရွက်သူ များသည်လည်း ရက်ကန်းနှင့်ပတ်သက်သည့်လုပ်ငန်း ဆောင်ရွက်မှု များကို ဆိပ်ခွန်ကျေးရွာနှင့်  အများဆုံး   ချိတ်ဆက်ဆောင်ရွက်ကြ ကြောင်း သိရှိရသည်။ 
ရွှေဘိုမြို့နယ်အနေဖြင့်   စက်ရက်ကန်းစင်များကို   မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နှင့်တောင်မြို့တို့မှ အသစ် မှာယူ၍ တပ်ဆင်အသုံးပြုခြင်းအပြင်  အခြားသောဒေသများမှ စက် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆောင် ရွက်ခြင်း မပြုတော့သည့်  စက်အဟောင်းများကို ပြန်လည်ဝယ်ယူ၍ တပ်ဆင်အသုံးပြုခြင်းများ  ဆောင်ရွက်ကြကြောင်း၊   လက်ရက်ကန်း စင်များကို ဆိပ်ခွန်ကျေးရွာတွင် ပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ စက်ရက်ကန်း၊ လက်ရက်ကန်း ရက်လုပ်ရာတွင်၂/၁၀ဝ တိုင်ချည်၊ ၂/၁၀ဝတိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့် ၂/၈၀တိုင် ဖောက်၊  ၂/၈၀တိုင်ချည်နှင့် ၁/၄၀တိုင် ဖောက်စသည်ဖြင့် ရက် လုပ်ကြပြီး အပွင့်၊ အမိတ်ပါသည့်အထည်များတွင် အဖွင့်ဖောက်ခြင်း၊ အမိတ်ဖောက်ခြင်းကို စပန့်ချည်၊ ပိုးပန်းချည်၊ ရွှေချည်၊ ငွေချည်များကို အသုံးပြု၍ ဈေးကွက်အကြိုက်အဆင်များကို   ရက်လုပ်ကြကြောင်း သိရှိရသည်။ 
ရက်လုပ်သည့်အထည်များမှာ လွယ်အိတ်၊ တဘက်၊ လက် သုတ်ပဝါ၊ အမျိုးသားဝတ် ပုဆိုးကြမ်း၊ အမျိုးသမီးဝတ် လုံချည်ကြမ်း အပြင် အမျိုးသမီးဝတ် ဝမ်းဆက်၊ ကွင်းဒီဇိုင်းအမျိုးမျိုး၊ အခြားအဆင် ပုဆိုးအမျိုးမျိုးတို့ကို ရက်လုပ်ကြသည်။   အမျိုးသမီးဝတ်အနေဖြင့် မျက်ဝန်း၊ ပရီမီယမ်ကျစ်ပိုးခြောက်ကြိုးချိတ်၊ ရိုးရာရောင်စုံလရှီးမိတ်၊ ပရီမီယမ်ကျစ်ပိုးရေလှိုင်း၊ လိတ်စံ၊ အလယ်ချိတ်၊ ဒုတ်ထိုး၊ နေကြာ၊ မိုးစက်ရေလှိုင်း၊ ခါးချိတ်၊ ဂျပ်ပြင်၊ ဒေါင်းမြီး၊  လွန်းရှယ်၊  ဂျစ်ပိုးကွက် ဒူးနားစင်း၊ ချစ်ပန်း၊  ဖဲဘရိတ်၊  ပိုးချည်ကျဲ၊  လ၄ပွင့်၊ ချစ်မျှားအစိတ် ဒေါင်းစင်း၊  ကျစ်ပိုးသံစဉ်၊ အသဲ၊ ချည်ပြည့်၊  ကျစ်ပိုးအုတ်ကွက်မိတ်၊ ခခူးရိုးရာချိတ်၊ ခရေမိုက်ကွက်၊  စီးပွင့်ကျဲကွင်း၊ မိုးရေစက်၊ အသဲရ color၊ သမ္ဗူလစံကွဲ၊ ပတ္တမြားစံကွဲ၊  ခရေစံကွဲ၊  စီးကွက်မိတ်စံကွဲ၊ ဝိုင်းဝိုင်းလည်မိတ်ကွင်း၊ စိန်တုံးလေးပွင့်ဆုပ်၊ ကျွဲချို၊ နှစ်ချိတ်စပေါ့ စသည်ဖြင့် အဆင်မျိုးစုံရက်လုပ်ကြကြောင်း သိရှိရသည်။ ကျောင်း စိမ်းပုဆိုး၊ လုံချည်များ၊ တိုင်းရင်းသားရိုးရာ အဆင်အမျိုးမျိုးနှင့် ဓမ္မ စကူးလ်းကျောင်းများ ဖွင့်ပါကလည်း ဓမ္မစကူးလ်လုံချည်၊ ပုဆိုးများပါ တိုးချဲ့ ရက်လုပ်၍ ရောင်းချကြကြောင်း သိရှိရသည်။  အထည်ကောက် သူများမှတစ်ဆင့် ဝယ်ယူထားသော အထည်များကို မြစ်ကြီးနားမြို့၊ တောင်မြို့နှင့် မန္တလေးမြို့များသို့ အများအပြားတင်ပို့ပြီး ကျန်မြို့များ သို့လည်း အမှာရှိပါက တင်ပို့ခြင်း၊ နိုင်ငံခြားရောက် အသိမိတ်ဆွေများ မှ  မှာယူပါကလည်း ချိတ်ဆက်တင်ပို့ခြင်းများရှိကြောင်း သိရှိရသည်။
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအနေဖြင့်     ရွှေဘိုမြို့နယ်  ရက်ကန်းလုပ်ငန်းရှင်များအသင်းကို ၁၇-၃-၂၀၁၄ရက်တွင်  အလုပ် အမှုဆောင်အဖွဲ့ဝင်၁၅ဦးဖြင့်  ဖွဲ့စည်းခဲ့သည်။  ၎င်းအပြင် ရက်ကန်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့်  ကုန်သွယ်မှုမြှင့်တင် ရေးဦးစီးဌာနက ကြီးမှူး၍ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင်ရက် ကန်း  အဆင့်မြင့်နည်းပညာသင်တန်းကို  ၁၄-၁၂-၂၀၁၅ ရက်မှ ၁၈-၁၂-၂၀၁၅ ရက်ထိ ငါးရက်တိုင် စစ်ကိုင်းတိုင်းဒေသကြီး  ရက်ကန်း နှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရက်ကန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခြင်း၊  မိသားစုဝင်ငွေ တိုးတက်ပြီး  လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေခြင်း၊ ဆင်းရဲမှုလျော့ကျ စေနိုင်သည့်အပြင် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ခြင်း၊  နည်းပညာ ဗဟုသုတများရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    

Local Trade News

Pages