မူဆယ်မြို့တွင် အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်လှစ်သည့်အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တက်ရောက်

Thu, 12/04/2014 - 09:31 -- adminDep

   ရှမ်းပြည်နယ်၊  မူဆယ်ခရိုင် မူဆယ်မြို့တွင် အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းကို နိုဝင်ဘာ ၂၆ ရက်ကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
   အဆိုပါ  အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းက ၎င်းအဝေးပြေးကွင်းတွင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွန့်၊ လူမှုရေးရာဝန်ကြီး ဒေါက်တာမျိုးထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်း၊ စည်ပင်သာယာရေးဝန်ကြီး  ဦးစိုင်းဘဝင်း၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး   ဦးကျော်ကျော်ထွန်း၊ သိန်းသန်းချီကုမ္ပဏီ  ဒါရိုက်တာ ဦးကျော်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး    ရှမ်းပြည်နယ်ဝန်ကြီးချုပ်  ဦးစပ်အောင်မြတ်မှ အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နားစခန်းအဝင်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
   ထို့နောက် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ထွက်ခွာရန် အသင့်ဖြစ်နေသော ယာဉ်အား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပြီး ကွင်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍  ဆောက်လုပ်ရေးလုပ်ငန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီဒါရိုက်တာမှ လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှ  ယခုဖွင့်လှစ်ချိန်အထိ အချက်အလက်များကို မှတ်တမ်းဓာတ်ပုံနှင့်တကွ ရှင်းလင်းကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။
   အဆိုပါ အဆင့်မြင့်အဝေးပြေးယာဉ်ရပ်နား စခန်းသည် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင်တည်ရှိပြီး သိန်းသန်းချီဆောက်လုပ်ရေးကုမ္ပဏီမှတာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပါ သည်။ ယခုအခါ စီမံကိန်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ မော်တော်ယာဉ် လိုင်းပေါင်းစုံမှ စုစုပေါင်းမှတ်ပုံတင်ကားစီးရေ ၂၇၈ စီးဖြင့် ခရီးသည်များ အား ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းသိရှိရသည်။
   မူဆယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ မြေဧက ၁၃ ဒသမ ၆၉ ဧကကျယ်ဝန်းပြီး ၂၀၁၂ ခုနှစ်မှစတင်၍ သိန်းသန်းချီဆောက်လုပ်ရေးကတာဝန်ယူ၍ တစ်နှစ်ခွဲအတွင်း   အပြီးဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
   အဆိုပါ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကားဂိတ် ၂၉ ဂိတ်ရှိပြီး မျက်နှာစာတိုက်ခန်းများအား ကျပ်သိန်း ၇၅၀၊ အတွင်းခန်း သုံးထပ်ခန်းကို ကျပ် သိန်း ၆၅၀ နှင့် အတွင်း ခန်းနှစ်ထပ်ခန်းများကို ကျပ်သိန်း ၂၅၀ ဖြင့်ရောင်းချပေးခဲ့သည်။ ယင်းယာဉ်ရပ်နားစခန်းတွင် ဘဏ်လေးဘဏ်ပါဝင်မည်ဖြစ်ပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေး ဆိုင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
  မူဆယ်ယာဉ်ရပ်နားစခန်းတည်ဆောက်ထားသည့်အတွက် ယာဉ်မှူး၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်များမှာ လုံခြုံစိတ်ချစွာတည်းခိုနိုင်မည်ဖြစ်သည့်အပြင်  နယ်စပ်ကုန် သွယ်ရေးဂိတ်ပေါက်မှတစ်ဆင့် မိမိနိုင်ငံထွက်ကုန်စည်များကို ပြည်ပသို့  အမြန်ဆုံးတင်ပို့နိုင်မည်ဖြစ်ကြောင်းသိရသည်။

အယ်လ်စိုး (မူဆယ်)

 

Local Trade News

Pages