တနင်္သာရီတိုင်းဒေသကြီးရှိ ကင်းမွန်စျေးနှုန်းစျေးကွက်

Thu, 03/23/2023 - 04:28 -- comsumer

          ကင်းမွန်(ခေါ်)ပြည်ကြီးငါးသည် ရေငန်တွင်အသက်ရှင်နေထိုင်လျက်ရှိပြီး တစ်နှစ်ပတ်လုံး သားပေါက်လေ့ရှိရာ အများအားဖြင့် ရေအပူချိန်တိုးလာချိန်များ၌ ပိုပြီးသားပေါက်လေ့ရှိကြောင်း၊ အသေးဆုံးကင်းမွန်များသည် တစ်နှစ်အရွယ်တွင် မျိုးအောင်ကြပြီး ခန့်မှန်းခြေအားဖြင့် ကင်းမွန်များ၏ သက်တမ်းမှာ(၃)နှစ်သာရှိကြောင်းသိရသည်။ ကင်းမွန်အမမှာ ဥပေါင်း(၁)သိန်းကျော်ထိ ဥဥနိုင်ကြပြီး ဧပြီ၊ မေလ များသည် ကင်းမွန်များ သားပေါက်ရာသီဖြစ်သောကြောင့် ထိုကာလများ၌ ကင်းမွန် ဖမ်းခြင်းကိုရပ်ဆိုင်းထားပြီး သတ်မှတ်ကာလမှအပ ကင်းမွန်များကို အများအားဖြင့် လပြည့်ကျော် (၄)ရက်နေ့မှစ၍  ဖမ်းဆီးကြရာ အဓိကအားဖြင့် ဆောင်းဦးအစမှနွေဦးပေါက်သည်အထိ ဖမ်းဆီးရရှိမှု မှာ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

           ကင်းမွန်ကို တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြိတ်ကျွန်းစုတို့တွင် အများဆုံးတွေ့ရှိရ သည့်အပြင် မွန်ပြည်နယ်တို့တွင်လည်း တွေ့ရှိရကြောင်း၊ ဈေးကွက်အနေဖြင့် မြိတ်ဒေသတွင် ဖမ်းဆီးရမိသည့် ကင်းမွန် ၁ လက်မအရွယ်မှ ၁၀ လက်မခန့် အရွယ်အစားရှိသော ကင်းမွန်များကို ပြည်တွင်းနေရာအနှံ့အပြားသို့ ပို့ဆောင်လျက်ရှိပြီး  စျေးကွက်တွင် အရွယ်အစား(၃)မျိုးခွဲခြား၍ ၂ လက်မနှင့်အောက် အရွယ်အစားရှိသော  ကင်းမွန်များကို အခြောက်ပြုလုပ်၍လည်းကောင်း၊ ၃ လက်မ နှင့်အထက် အရွယ်အစားရှိသော ကင်းမွန်များကို ရေခဲရိုက်၍လည်းကောင်း၊ ကင်းမွန်များကို သန့်စင်၍ အကွင်းပြုလုပ်၍လည်းကောင်း ရောင်းချလျက်ရှိပြီး အကွင်းလိုက်ပြုလုပ်ထားသော ကင်းမွန်များကို  တရုတ်နိုင်ငံမှအများဆုံးဝယ်ယူကြပြီး အကောင်လိုက် ရေခဲရိုက်ထားသော ကင်းမွန် များကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခင်က စျေးကွက်ဝင် ကင်းမွန်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ခန့်ရှိရာမှ  ယခုအချိန်တွင် စက်သုံးဆီစျေးနှုန်းမြင့်မားလာခြင်းနှင့် ကင်းမွန်ရရှိမှုနည်းပါးခြင်းတို့ကြောင့် စျေးကွက်ဝင် ကင်းမွန် တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်ခန့်ထိ စျေးပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA (တနင်္သာရီ)

Local Trade News

Pages