အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ Regional Consultation ကို တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့နှင့် မြိတ်မြို့တို့တွင် ကျင်းပ

Thu, 03/19/2020 - 04:35 -- admin_ygn

တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံစီးပွားရေးလုပ်ငန်းများ၏  ပို့ကုန်ဆောင်ရွက်ချက်ကို တိုးမြှင့်ရန်အတွက် မဟာဗျူဟာကျ အခွင့်အရေးများကို  အတည်ပြုအကောင်အထည် ဖော်ရန်အတွက် အမျိုးသားပို့ကုန် မဟာဗျူဟာ(NES) ၂၀၂၀-၂၀၂၅ ဆွေးနွေးညှိနှိုင်းပွဲများကို မတ် ၁၀ ရက်တွင် မြိတ်မြို့ မြင့်မိုရ်ဟိုတယ်တွင်လည်းကောင်း၊ မတ် ၁၁ ရက်တွင် ထားဝယ်မြို့ Diamond Crown Hotelတွင် လည်းကောင်း ကျင်းပခဲ့သည်။ ဆွေးနွေးညှိနှိုင်းပွဲသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး၊ ဒေသခံ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ပညာရေးရပ်ဝန်းနှင့် တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်ကြီး များအသင်းမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ အကျိုးတူပူးပေါင်းဆောင်ရွက်သူများ တက်ရောက်ခဲ့သည်။

 

အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ဆွေးနွေးပြောကြား ရာတွင် တနင်္သာရီတိုင်းသည် စိုက်ပျိုးရေး၊ ရေထွက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပုလဲမွေးမြူရေး လုပ်ငန်း၊ ငှက်သိုက်ထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် သစ်သီးဝလံကဲ့သို့ အဓိကကျသည့် မြန်မာ့ပို့ကုန်များကို ထုတ်လုပ်မှီခိုနေရသော ဒေသဖြစ်ပါကြောင်း၊ အချက်အချာကျသော တိုင်းဒေသကြီး ဖြစ်သောကြောင့် အမျိုးသားပို့ကုန် မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မှ ကဏ္ဍအလိုက် မဟာဗျူဟာများကို ရေးဆွဲရာ တွင် အထောက်အကူဖြစ်စေနိုင်ရန်အတွက် လာရောက်တွေ့ ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုးတက်ရန်အတွက် အစိုးရကပဲ ဆောင်ရွက်ရန် မရကြောင်း၊  စီးပွားရေးလုပ်ငန်း ရှင်များ၏ အင်အားလည်း အရေးကြီးကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသော သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်သူများ၏အကြံဥာဏ်၊ ပညာရပ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကို ပေါင်းစပ်ပြီး ဆောင်ရွက်သွားပါက တနင်္သာရီတိုင်း ဒေသကြီး၏ထုတ်လုပ်မှုနှင့် ပို့ကုန်ကဏ္ဍများ  ပိုမိုဖွံ့ဖြိုးတိုး တက်လာနိုင်ပြီး ဒေသ၏စီးပွားရေးကို  အထောက်အကူပြုနိုင် မည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း ကောင်းစွာ  အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

 

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားရာတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းတာဝန်များအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊  မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူရေး (Ease of Doing Business) လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှာ  ကုန်သွယ်မှုမြှင့်တင်ဖို့ သယံ ဇာတနှင့် အခွင့်အလမ်းများစွာရှိသော်လည်း အခြားနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏများစွာ နိမ့်ကျနေသည့် အတွက် မဟာဗျူဟာစီမံချက်များ စနစ်တကျရေးဆွဲချမှတ် ဆောင်ရွက်ရန် အထူးလိုအပ်လျက် ရှိပါကြောင်း၊ ဒီလိုအပ်ချက် တွေဖြည့်ဆည်းနိုင်ဖို့အတွက်   စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ပို့ကုန်များဖွံ့ဖြိုးတိုးတက်ပြီး  နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်ဝင်ရောက်နိုင်ရေး အတွက် အမျိုးသား အဆင့် ပို့ကုန်မဟာဗျူဟာကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနနဲ့  နည်းပညာအကူအညီ ရယူ၍ ၂၀၁၃ ခုနှစ်မှာ  စတင်ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ အကောင် အထည်ဖော်ခဲ့ကြောင်း၊  ၂၀၁၅-၂၀၁၉ မှာ အဓိက ဦးစားပေး ကဏ္ဍကြီး ၁၁ ရပ် ရွေးချယ်အကောင်အထည်ဖော်ခဲ့ပြီး  လုပ်ငန်းရှင်များ တောင်းဆိုချက်အရ  ကဏ္ဍအသစ်ငါးရပ်ကိုလည်း ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၂၀ မှ ၂၀၂၅ ထိ ငါးနှစ်အတွက် ဦးစားပေး ဆောင်ရွက်မည့် ကဏ္ဍကြီး ၁၈ ရပ် အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဟာဗျူဟာများရေးဆွဲရာမှာ  အထောက်အကူပြုနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  ထည့်သွင်းပါဝင်သင့်တဲ့ အချက်အလက် များကို ညှိနှိုင်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ကဏ္ဍ၊ စားသောက်ကုန် ထုတ်လုပ်ခြင်းကဏ္ဍ၊ ရာဘာကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာ ကဏ္ဍ တို့ကို ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်လာသူများက  အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

ရွှေဝယ်သား

Local Trade News

Pages